ရှေ့သို့
Image

ပေါ်တူဂီလူငယ်ကြယ်ပွင့် ဂွန်ကာလိုရာမို့စ်ကို လာမယ့်နွေရာသီမှာ ခေါ်ယူမယ့် ယူနိုက်တက်

6:49 PM, 10 December

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့ရဲ့ အဓိကတိုက်စစ်ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ယူနိုက်တက်ဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ထွက်ခွာမှုကြောင့် လာမယ့်နှစ်ထဲမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေသလို ရေတိုအသုံးပြုဖို့အတွက်လည်း လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖွယ် ရှိပါတယ်။ 

ပီအက်စ်ဗွီတိုက်စစ်မှူး ကိုဒီဂက်ပိုကတော့ ပိုပြီးဖြစ်နိုင်တဲ့ ပစ်မှတ်အဖြစ်ရှိနေပေမယ့် ဂက်ပိုက တောင်ပံတွေမှာလည်း ကစားနိုင်စွမ်းရှိသူဖြစ်တာကြောင့် နယ်သာလန်နည်းပြကြီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ၂ ကြိမ်ရ ယူနိုက်တက်ကို လာမယ့်နှစ်မှာ ပိုကောင်းတဲ့အသင်းတစ်သင်း ဖြစ်လာစေဖို့ အထောင်တိုက်စစ်မှူးစစ်စစ် တစ်ဦးကို ခေါ်ယူဖို့ကြိုးစားဖွယ် ရှိပါတယ်။ 

သတင်းတွေအရတော့ နည်းပြတန်ဟတ်ဟာ ရာမို့စ်ကိုအဓိက ပစ်မှတ်ထားနေတယ်လို့ သိရပြီး ၂၁ နှစ်အရွယ် တိုက်စစ်မှူးရဲ့ တန်ဖိုးကလည်း လာမယ့်နှစ်ထဲမှာ ယူရိုသန်း ၅၀ (ပေါင် ၄၃ သန်း) လောက် ကျသင့်ဖွယ်ရှိပါတယ်။ သတင်းတွေအရ တိုက်စစ်မှူးဟာ ကလပ်အသင်းမှာ ခြေစွမ်းပြဂိုးတွေ သွင်းနေတဲ့အပြင် လက်ရှိ ကာတာကမ္ဘာ့ဖလားမှာလည်း ဟတ်ထရစ်သွင်းနိုင်ခဲ့တဲ့အထိ ခြေစွမ်းတိုးတက်လာတာကြောင့် အင်္ဂလန်ထိပ်သီးအသင်းတွေရဲ့ မျက်စိကျခြင်းကို ခံနေရတယ်လို့ သိရပါတယ်။ 

ရာမို့စ်ဟာ လာမယ့်အနာဂတ်မှာ တောက်ပလာမယ့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ် ယူနိုက်တက်ကလည်း သတ်မှတ်ထားပါတယ်။ ရာမို့စ်ဟာ ဘင်ဖီကာအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာသူဖြစ်ပြီး ၂၀၂၀ ကမှ ပထမအသင်းအတွက် ပွဲဦးထွက်ခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင် ကလပ်အသင်းအတွက် ပွဲပေါင်း ၈၀ ကစားခဲ့ပြီး သွင်းဂိုး ၂၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီမှာဆိုရင်လည်း သွင်းဂိုး ၁၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်ကို ပြိုင်ပွဲစုံ ၂၁ ပွဲကစားပြီး ပြုလုပ်နိုင်ခဲ့ပါတယ်။ 

#မန်ချက်စတာယူနိုက်တက် #ပေါ်တူဂီ #ဂွန်ကာလိုရာမို့စ်