ရှေ့သို့
Image

ခရိုအေးရှားနဲ့ ပွဲစဉ်မှာ နေမာ ဘာကြောင့်ပယ်နယ်တီ ကန်ခွင့်မရသလဲဆိုတာ ရှင်းပြလိုက်တဲ့ နည်းပြတီတီ

10:38 AM, 10 December

မနေ့ညပိုင်း၊ ခရိုအေးရှားအသင်းနဲ့ ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန်မှာ အသင်းရဲ့အဓိကတိုက်စစ်မှူး နေမာကို အသင်းအတွက် ငါးကြိမ်မြောက်ပယ်နယ်တီကန်စေဖို့ ရွေးချယ်ထားခဲ့တယ်လို့ ဘရာဇီးလက်ရွေးစင်အသင်းနည်းပြတီတီက ရှင်းလင်းပြောဆိုလိုက်ပါတယ်။

ဒီပွဲစဉ်မှာ ပီအက်စ်ဂျီ တိုက်စစ်မှူးက ဘရာဇီးအသင်းအတွက် အချိန်ပိုပထမပိုင်းမှာ လှပတဲ့သွင်းဂိုး တစ်ဂိုးကို စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဘရာဇီးအသင်းဟာ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်တော့မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် ခရိုအေးရှားက အချိန်ပိုဒုတိယပိုင်းမှာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းကြဖို့ ဖြစ်လာခဲ့ပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မှာ ရိုဒရီဂိုရဲ့ဘရာဇီးအတွက် အဖွင့်ပယ်နယ်တီကို ပြိုင်ဘက်ဂိုးသမားက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သလို မာကွင်ဟို့စ်ရဲ့ စတုတ္ထမြောက်ပယ်နယ်တီကလည်း ဂိုးတိုင်ထိထွက်သွားခဲ့ပါတယ်။ ပြိုင်ဘက်ခရိုအေးရှားကတော့ ပယ်နယ်တီတိုင်းကို ဝင်အောင်ကန်သွင်းနိုင်ခဲ့တာကြောင့် နေမာကန်သွင်းချိန်မတိုင်ခင်မှာပဲ ပွဲရလဒ်ထွက်ပေါ်ကာ ခရိုအေးရှားတို့ နောက်တစ်ဆင့်တက်လှမ်းသွားပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ တီတီကတော့ နေမာကို နောက်ဆုံးအကြိမ် ပယ်နယ်တီကန်သွင်းဖို့ ရွေးချယ်ခဲ့တဲ့ဆုံးဖြတ်ချက်ကို အခုလိုပဲ ထုတ်ပြောလိုက်ပါတယ်။

“သူက ငါးလုံးမြောက်ပယ်နယ်တီနဲ့ အဆုံးအဖြတ်ပယ်နယ်တီကို ကန်သွင်းရမှာပါ။ သူက စွမ်းဆောင်ရည်အကောင်းဆုံး၊ စိတ်ဓါတ်အခိုင်မာဆုံး ကစားသမားဖြစ်လို့ ဖိအားအများဆုံး အခြေအနေအောက်မှာ တာဝန်ပေးထားခဲ့တာပါ”လို့ ဆိုပါတယ်။
ခရိုအေးရှား အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က နည်းပြတီတီရဲ့ ဘရာဇီး လက်ရွေးစင်အသင်းနည်းပြဘ၀ နောက်ဆုံးပွဲစဉ်ဖြစ်လာခဲ့ပြီး ဒီပွဲစဉ်အပြီးမှာ နည်းပြတီတီက သူရဲ့ရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။

#တီတီ #ဘရာဇီး #ခရိုအေးရှား #နေမာ #၂၀၂၂ကမ္ဘာ့ဖလား