ရှေ့သို့
Image

ကမ္ဘာ့ဖလားပြိုင်ပွဲမှ ထွက်ခွာရပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့တဲ့ ဘရာဇီးနည်းပြ တီတီ

9:56 AM, 10 December

မနေ့ညပိုင်း၊ ခရိုအေးရှား အသင်းကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီးနောက် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ကွာတားဖိုင်နယ်အဆင့်မှာပဲ လက်ပြနှုတ်ဆက်ခဲ့ရတဲ့ ဘရာဇီးလက်ရွေးစင်အသင်းနည်းပြတီတီက သူ့ရဲ့ရာထူးမှ နုတ်ထွက်တော့မယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

ဒီပွဲစဉ်အပြီး တီတီက “ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော့်ရဲ့ရာထူး ဆုံးခန်းတိုင်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်တုန်းကလည်း ဒါကို ကျွန်တော်ပြောခဲ့ဖူးပါတယ်။ ကျွန်တော်က ကတိတည်တဲ့လူစားမျိုးပါ”လို့  သတင်းထောက်တွေကို ပြောပါတယ်။ အတိတ်ကာလမှာ တီတီက“ကမ္ဘာ့ဖလားအပြီးအထိ ကျွန်တော် တာဝန်ထမ်းဆောင်နေမှာပါ။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ လိမ်ညာနေစရာ အကြောင်းမရှိပါဘူး။ ကျွန်တော့်အနေနဲ့  တစ်ခုခုကို အနိုင်ရဖို့ မလိုချင်ပါဘူး။ ကျွန်တော့်နည်းပြဘဝမှာ ဆုဖလားတိုင်းကို အနိုင်ရခဲ့ပြီးပါပြီ။ ကျန်နေသေးတဲ့တစ်ခုကတော့ ကမ္ဘာ့ဖလားပါပဲ”လို့ ပြောဆိုခဲ့တာပါ။

ဘရာဇီးလက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်မယူမီ တီတီက ကိုရင်သီယန်စ်အသင်းနည်းပြအဖြစ် ဘရာဇီး စီးရီးအေဖလား၊ ကိုပါလစ်ဘာတေးဒိုးစ်ဖလားနဲ့ ၂၀၁၂ ကမ္ဘာ့ကလပ်ချန်ပီယံဆုဖလားတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ ကလပ်အသင်းနည်းပြဘဝကို ပြန်လာမလား (သို့မဟုတ်) အခြားနိုင်ငံ့လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ယူမလား ဆက်လက်စောင့်ကြည့်သွားရပါမယ်။

#တီတီ #ဘရာဇီး #ခရိုအေးရှား #၂၀၂၂ကမ္ဘာ့ဖလား