ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ ဂိုးသွင်းပြီးတိုင်း ကဦးမှာပါလို့ ပြောခဲ့တဲ့ ဗီနီစီးရပ်စ်ဂျူနီယာ
3:59 PM, 8 December
ရွိုင်ကိန်းက လေးစားမှုမရှိဘူးလို့ ဝေဖန်ခဲ့တဲ့အောင်ပွဲခံအကတွေနဲ့ ပက်သက်လို့ ဘရာဇီးစတားဗီနီစီးရပ်စ်ဂျူနီယာကတော့ ဆက်ကနေဦးမှာပါဆိုပြီး တုံ့ပြန်သွားခဲ့ပါတယ်။ တနင်္လာနေ့တုန်းက ၁၆ သင်းရှုံးထွက်အဆင့်မှာ တောင်ကိုရီးယားကို ၄-၁ နဲ့ အနိုင်ရရှိပြီးနောက် ဘရာဇီးအသင်းဟာ တစ်ဂိုး သွင်းပြီးတိုင်း တစ်ခါအောင်ပွဲအကတွေနဲ့ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။
ရစ်ချာလီဆန်ရဲ့ဂိုးမှာဆိုရင် နည်းပြ တီတေးကိုယ်တိုင်ပါ ကစားသမားတွေနဲ့ pigeon dance ကို လိုက်ကသွားခဲ့ပါတယ်။ ITV ဘောလုံးဝေဖန်သူ ကိန်းက “ ဗီနီစီးရပ်စ်ရဲ့ အဆုံးသတ် အရမ်းမိုက်ပါတယ်၊ ပွဲစတင်ဖို့အကောင်းဆုံး ပုံစံပါပဲ။ ဒါပေမယ့် ဒီပွဲလောက် အကတွေများတဲ့ပွဲ မမြင်ဖူးဘူး။ ငါဘာတွေကြည့်နေရတာလဲလို့တောင် ပြန်စဉ်းစားမိတယ်၊ ကိုယ်မြင်နေရတာကိုတောင် မယုံနိုင်ဘူး၊ အကပွဲလား ဘောလုံးပွဲလား မသဲကွဲတော့ဘူး။ ကျွန်တော်လုံးဝမကြိုက်ဘူး၊ လူတွေက ဒါကရိုးရာအစဉ်အလာဘာညာပြောကြပေမယ့် ပြိုင်ဘက်အပေါ်မှာ လေးစားမှုကင်းမဲ့နည်းတစ်မျိုးပါပဲ။ သွင်းဂိုးက ၄ ဂိုးပါ၊ တစ်ဂိုးသွင်းပြီးတိုင်း တစ်ခါကနေကြတယ်။ ပထမတစ်ခါကတာ အပြစ်မပြောဘူး၊ အကြိမ်တိုင်းကနေတာတော့ မဟုတ်သေးဘူး၊ နည်းပြကိုယ်တိုင်ပါ ဝင်ကလိုက်သေးတယ်။ လုံးဝမနှစ်မြိုစရာပါပဲ၊ ကတိုင်းကောင်းမနေပါဘူး ”လို့ ဝေဖန်ခဲ့ပါတယ်။
ဒါပေမယ့် ဗီနီစီးရပ်စ်ကတော့ ကိန်းလို ဝေဖန်သူတွေကို ဂရုစိုက်မှာမဟုတ်ပဲ ဘရာဇီးသားတွေရဲ့ နောက်ထပ်အောင်ပွဲခံအကတွေ လာဖို့ရှိသေးတယ်ဆိုပြီး ပြောသွားခဲ့ပါတယ်။ ဘရာဇီးသားက “သေချာတာပေါ့ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကိုကြည့်ရတာ နှစ်သက်သူတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဘရာဇီးသားတွေက ပျော်ရွှင်မှုကို မြတ်နိုးသူတွေပါ။ အဲ့ဒါကြောင့် ဒါကိုမကြိုက်တဲ့သူတွေအတွက် ကျွန်တော်တို့က အနှောင့်အယှက်ဖြစ်နေဦးမှာပါပဲ။ သွင်းဂိုးတွေဆိုတာ ဘောလုံးပွဲတစ်ခုရဲ့ အရေးအကြီးဆုံးအရာပါ။ ကမ္ဘာ့ဖလားမှာဆို ဂိုးတွေက ပြောစရာမလိုအောင် ပိုအရေးကြီးပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုက တားဆီးလိုပမပါဘူး ဒါက ကစားသမားတွေချည့်ပဲ မဟုတ်ပဲ ဘရာဇီးတစ်နိုင်လုံးရဲ့ ပျော်ရွှင်မှုပါ။ အောင်ပွဲခံအကအသစ်တွေ အဆင်သင့်ပါပဲ၊ ပိုကောင်းအောင်ကစားမယ်၊ နိုင်ပွဲတွေယူမယ်၊ ပျော်ရွှင်မှုကို ဖော်ပြမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ အာရုံစိုက်ပြီး ကစားသွားမယ်၊ ကျွန်တော်တို့ကို မကြိုက်တဲ့သူတွေထက် ကျွန်တော်တို့ကို အားပေးနေတဲ့သူတွေကိုပဲ ပိုဂရုစိုက်သွားမယ်”လို့ ပြောခဲ့ပါတယ်။