ရှေ့သို့
Image

ယူနိုက်တက်အသင်းကသာ ခေါ်ယူဖို့ ပြင်ဆင်လာပါက စိတ်ဝင်စားမှုရှိတဲ့အကြောင်း ထုတ်ပြောလာတဲ့ ဂတ်ပို

2:51 PM, 8 December

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း တောက်လျှောက်ခြေစွမ်းပြ ကစားကာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူထားနိုင်ခဲ့တဲ့ နယ်သာလန်အသင်းရဲ့ ပီအက်စ်ဗွီ ဘယ်တောင်ပံ တိုက်စစ်ကစားသမား ကိုဒီဂတ်ပိုက ယူနိုက်တက် အသင်းကသာ ကမ်းလှမ်းမှုပြုလုပ်လာပါက ထည့်သွင်းစဉ်းစားသွားမယ့် အကြောင်းကို ထုတ်ဖော်ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ တောက်ပနေတဲ့ ကြယ်ပွင့်တွေထဲမှာ တစ်ယောက်ဖြစ်တဲ့ ဂတ်ပိုအနေဖြင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလအရောက်မှာ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့အပါအဝင် ဥရောပထိပ်တန်းအသင်းအတော်များများရဲ့ ဦးစားပေးပစ်မှတ်အဖြစ် ခေါ်ယူနိုင်ရန် ကြိုးစားလာနိုင်ချေရှိနေတာလည်း ဖြစ်ပါတယ်။

နယ်သာလန်အသင်းရဲ့ တိုက်စစ်မှာ ဦးဆောင်ကစားပေးနေတဲ့ အသက် ၂၃နှစ်အရွယ် ဂတ်ပိုက ၁၉၈၆ ခုနှစ်မှာ အီတလီလက်ရွေးစင်ကစားသမား အလက်ဆန်ဒရို အယ်တိုဘယ်လီ အပြီး ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၃ပွဲစလုံးမှာ သွင်းဂိုး ရယူနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ထားခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဗန်ဟားလ်ရဲ့နယ်သာလန်အသင်းက အမေရိကန်အသင်းကို ၃ဂိုး - ၁ဂိုး ရလဒ်ဖြင့်အနိုင်ကစားနိုင်ခဲ့တဲ့ ၁၆သင်း အဆင့်ပွဲစဉ်အတွင်း ဂတ်ပိုအနေဖြင့် သွင်းဂိုး ရှာဖွေနိုင်ခဲ့ခြင်းမရှိပေမဲ့ ယခုနှစ်ဘောလုံးရာသီအတွင်း ကစားထားခဲ့တဲ့ ပွဲ ၃၀အတွင်း သွင်းဂိုး ၁၇ဂိုး အထိ ရရှိထားခဲ့တာပဲ ဖြစ်ပါတယ်။

ကစားသမားဘဝအနာဂတ်နဲ့ ပတ်သက်လို့ ဂက်ပိုက“ကျွန်တော်အနေဖြင့် အပြောင်းအရွှေ့နဲ့ ပတ်သက်ရင် သင်ယူမှုအချို့ ပြလုပ်နိုင်ခဲ့ပါတယ်။ လာမယ့်အကြိမ်တွေမှာတော့ ကွဲပြားအောင်ပြုလုပ်သွားမှာပါ။ ယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တွေးခဲ့ပေမဲ့ တကယ်တမ်းတော့ ဘာမှ ဖြစ်မလာခဲ့ပါဘူး။ တစ်ချို့အကြောင်းအရာတွေအပေါ်မှာ သံသယ ဖြစ်စပြုလာပါပြီ” “လိဒ်ယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ ရောက်လာခဲ့ပါသေးတယ်။ ယခုတော့ ဖြစ်လာမယ့် အရာတွေအပေါ်မှာသာ စောင့်မျှော်နေပါတယ်။ ယူနိုက်တက်အသင်းဘက်က ဘာသံမှ မကြားရသေးပေမဲ့ သူတို့ဆီကနေသာ ကမ်းလှမ်းမှုရောက်လာခဲ့ရင် ထည့်သွင်းစဉ်းစားတော့မှာပါ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။


#မန်ချက်စတာယူနိုက်တက် #၂၀၂၂ကမ္ဘာ့ဖလား #ဂတ်ပို