မော်ရိုကိုနဲ့ ပွဲစဉ်မှာ ရော်နယ်ဒို ပါမပါဆိုတာ မဆုံးဖြတ်ရသေးတဲ့ ပေါ်တူဂီ
2:32 PM, 8 December
ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ရဲ့ ဆွစ်ဇာလန်နဲ့ပွဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုကို ချန်လှပ်မှုကစလို့ ယခုနှစ်ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအတွက် ရော်နယ်ဒိုရဲ့ အရေးပါမှုက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ပွဲမှာတုန်းက လူစားလဲခံရပြီးနောက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးကြီးရဲ့ အပြုအမူက နည်းပြဆန်းတို့စ်က ဝေဖန်ခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့နေရာကို ဆွစ်ဇာလန်နဲ့ပွဲမှာ ဂွန်ကာလိုရာမို့စ်နဲ့ အစားထိုးခဲ့ပြီး ရာမို့စ်ကလည်း မယုံနိုင်စရာခြေစွမ်းမျိုးနဲ့ ဟတ်ထရစ်ပါ သွင်းယူခဲ့ပါတယ်။
ဒါဟာ ၂၀၀၈ နောက်ပိုင်း အဓိကပြိုင်ပွဲကြီးတွေမှာ ပွဲထွက်ကစားသမား ၁၁ ယောက်ကနေ ပထမဆုံးအကြိမ်အဖြစ် ရော်နယ်ဒိုချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပေါ်တူဂီဟာ ကွာတားဖိုင်နယ်မှာတော့ မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကနေ မကြာသေးမီကမှ ထွက်ခွာထားတဲ့ ရော်နယ်ဒိုရဲ့ နေရာအတွက် မဆုံးဖြတ်ရသေးပဲ ရှိနေသေးကြောင်း နည်းပြဆန်းတို့စ်က ဝန်ခံခဲ့ပါတယ်။
ပေါ်တူဂီနည်းပြကြီးက “အပြီးသတ်ဆုံးဖြတ်ရမှာတွေ ကျန်ပါသေးတယ်။ ဒီထဲမှာ ရော်နယ်ဒိုကတော့ သေချာပေါက် ပါဝင်ပါတယ်။ အရန်ခုံပေါ်က ကစားသမားအကုန်လုံးရောပေါ့၊ ပွဲထွက်လူစာရင်းထဲမှာ မပါဝင်လည်း နောက်ပိုင်းမှာ ကစားခွင့်ရကြမှာပါ။ ဒါက ကစားသမားရဲ့ သမိုင်းကြောင်းအတွက် အရေးပါတဲ့ပြိုင်ပွဲတစ်ခုပါ၊ ဒီထဲမှာ ရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားအကောင်းဆုံး ကစားသမားဖြစ်သလို အသင်းခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီအသင်းအတွက် စုစုစည်းစည်းနဲ့ စဉ်းစားဖို့လိုပါတယ်”လို့ ပြောခဲ့ပါတယ်။