ရှေ့သို့
Image

အင်္ဂလန်ရဲ့ ကြိုဆိုပုံက ညင်သာမှာ မဟုတ်တဲ့အကြောင်း မက်ပီကို သတိပေးစကား ဆိုလိုက်တဲ့ ကိုင်လီဝေါ်ကာ

1:22 PM, 8 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင် အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ပွဲစဉ်မတိုင်မီ အင်္ဂလန်အသင်းရဲ့ ညာနောက်တန်း အစွန်ကစားသမား ကိုင်လီဝေါ်ကာက ပြစ်သစ်အသင်းနဲ့ အတူ ခြေစွမ်းပြ ကစားကာ သွင်းဂိုး ၅ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်ကစားသမား မက်ပီအား အင်္ဂလန်အသင်းဘက်က ကော်ဇောနီခင်း ကြိုစားသွားမှာမဟုတ်တဲ့အကြောင်း သတိပေး ပြောဆိုကာ ပြိုင်ဘက်ကို စတင်တပ်လှန့်လိုက်တာပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းနဲ့အတူ ရရှိထားတဲ့ ဒဏ်ရာပြဿနာကြောင့် အသက် ၃၂နှစ်အရွယ် ကိုင်လီဝေါ်ကာက အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ် ၂ပွဲမှာ ဝင်ရောက်ကစားပေးနိုင်ခြင်းမရှိပေမဲ့ ဝေးလ်အသင်းကို ၃ - ၀ နဲ့ကစားခဲ့တဲ့ အုပ်စုပိတ်ပွဲစဉ်တွင်တော့ ပြန်လည် ဝင်ရောက်ကစားပေးနိုင်ခဲ့ကာ ပုံစံကောင်းအချို့ကို ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပုံစံကောင်းတွေ ပြသနေတဲ့ ဆီနီဂေါအသင်းနဲ့ ကစားခဲ့တဲ့ ၁၆ သင်း အဆင့် ပွဲစဉ်မှာလည်း ကိုင်လီဝေါ်ကာအနေဖြင့် ပါဝင်ကစားပေးထားနိုင်ခဲ့တာကြောင့် လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ပြင်သစ်အသင်းနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွင်လည်း အင်္ဂလန်အသင်းနဲ့အတူ တွဲဖက်မြင်တွေ့ရဖို့ ရှိနေပြီး ပြင်သစ်အသင်းနဲ့ အတူ တောက်ပတဲ့ ခြေစွမ်းတွေကို  ပြသနေတာကြောင့် ကမ္ဘာ့ကောင်းဆုံး ကစားသမားအဖြစ်ပါ ပြောဆိုချီးကျူးခြင်းခံနေရတဲ့ ကိုင်လီယန်မက်ပီကို ထိန်းချူပ် ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ ဝါရင့်ညာနောက်တန်းအစွန်ကစားသမား ဝေါ်ကာက“မက်ပီနဲ့က အကြိမ်အနည်းငယ် ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့အတွေ့အကြုံက ဒီပွဲစဉ်အတွက် အထောက်အကူဖြစ်လာမယ်ဆိုတာ မြင်သာပါတယ်” “မက်ပီလို ထူးချွန်တဲ့ ကစားသမားမျိုးကို ထိန်းချူပ်ကစားရမှာက ခက်ခဲမှာပါ။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမား တစ်ယောက် အနေနဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်နဲ့ ယှဉ်ပြိုင်ကစားဖို့ ဆန္ဒရှိတယ်ဆိုရင် မက်ပီက အကောင်းဆုံး ကစားသမားတွေထဲမှ တစ်ယောက်ဖြစ်တာကြောင့် လာမယ့်ပွဲစဉ်က အခွင့်အရေးကောင်းတစ်ခုပါ” “ကျွန်တော်သူ့ကို ကော်ဇောနီခင်း ကြိုဆိုနေမှာ မဟုတ်ပါဘူး။ ဂိုးသွင်းယူနိုင်အောင် ကြိုးစားကစားဖို့ ပြောပေးစမ်းပါ။ ကမ္ဘာ့ဖလားလို ပြိုင်ပွဲကြီးတစ်ခုမှာ ယှဉ်ပြိုုင်ကစားရမှာဖြစ်လို့ သေရင်မြေကြီး ရှင်ရင်ရွှေထီးပေါ့ဗျာ” “ကျွန်တော့်မိသားစုအတွက် သူ ကျွန်တော့ကို အိမ်ပြန်ရအောင်စွမ်းဆောင်ဖို့ အခွင့်အရေးပေးသွားမှာ မဟုတ်ပါဘူး”လို့ ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အင်္ဂလန် #ကိုင်လီဝေါ်ကာ #မက်ပီ #၂၀၂၂ကမ္ဘာ့ဖလား