ရှေ့သို့
Image

စီရော်နယ်ဒိုနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင်ကို ထုတ်ပြောလာတဲ့ ကမ္ဘာ့ဖလားဟက်ထရစ်ဟီးရိုး ဂွန်ကာလိုရာမို့စ်

1:45 PM, 7 December

ဒီနေ့မနက်ပိုင်း၊ ဆွစ်ဇာလန် အသင်းကို ၆-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဟက်ထရစ်သွင်းဂိုး ရယူနိုင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်က သူတို့ရဲ့ကပ္ပတိန်ကသာ အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ရှိနေဆဲပဲလို့ ထုတ်ဖော်ပြောဆိုပါတယ်။

လူဆေးလ်ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂွန်ကာလိုရာမို့စ်က စီရော်နယ်ဒိုရဲ့ နေရာမှာ ပွဲထွက်ပါဝင်ခဲ့ပြီး ဟက်ထရစ်သွင်းဂိုး ရယူကာ ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂွန်ကာလိုရာမို့စ်က ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပေါ်တူဂီနည်းပြ ဆန်းတို့စ်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တစ်ခုနဲ့အတူ စီရော်နယ်ဒိုက ဒီပွဲစဉ်ရဲ့ ပွဲချိန်အများစုကို အရန်ခုံပေါ်မှာပဲ ကုန်ဆုံးခဲ့ရပြီး ပွဲချိန်နှောင်းပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လာမယ့်ပွဲစဉ်တွေမှာ ပေါ်တူဂီရဲ့တိုက်စစ်ပိုင်းကို စီရော်နယ်ဒိုကပဲ ဦးဆောင်သွားမလား၊ ဂွန်ကာလိုရာမို့စ်ကပဲ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ဆက်လက်ပွဲထွက်ဦးမလားဆိုတာ ခန့်မှန်းပြောဆိုသုံးသပ်မှုတွေ ရှိလာနေပါပြီ။

ဆွစ်ဇာလန်နဲ့ပွဲစဉ်အပြီး ဂွန်ကာလိုရာမို့စ်က “ကျွန်တော့်ရဲ့အိပ်မက်တွေထဲမှာတောင် အခုလိုပြိုင်ပွဲကြီးရဲ့ ရှုံးထွက်အဆင့်ပွဲစဉ်မှာ ပွဲထွက်ပါဝင်ခွင့်ရမယ်လို့ မယူဆမိခဲ့ပါဘူး။ ကျွန်တော့်ရဲ့မျှော်လင့်ချက်နဲ့ ပတ်သက်လို့ပြောရရင် ကျွန်တော်တို့ဟာ အခွင့်အရေးတစ်ကြိမ်ရလာရင် အကျိုးရှိရှိအသုံးချနိုင်ဖို့ပဲ လိုအပ်တာပါ။ အခုအချိန်မှာတော့ ကျွန်တော်တို့က တခြားပွဲစဉ်တွေအကြောင်း စဉ်းစားမနေဘဲ မော်ရိုကိုနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက်ပဲ ပြင်ဆင်နေပါတယ်။ စီရော်နယ်ဒိုက ကျွန်တော်တို့ရဲ့ခေါင်းဆောင်ပဲ။ သူက အသင်းကပ္ပတိန်တစ်ဦး၊ ခေါင်းဆောင်တစ်ဦးဖြစ်သလို ကျွန်တော်တို့က သူရဲ့ဘေးမှာ တွဲကစားခွင့်ရဖို့ကိုပဲ အမြဲတမ်းမျှော်လင့်နေခဲ့တာပါ။ စီရော်နယ်ဒိုက ကျွန်တော်တို့လိုကစားသမားတွေရဲ့ စံနမူနာပြုစရာ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ စီရော်နယ်ဒို၊ လီဝန်ဒေါစကီးနဲ့ အီဗရာဟီမိုဗစ်လိုကစားသမားတွေက စံနမူနာယူစရာ စံပြပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်”လို့ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်း အနေနဲ့ လာမယ့်မော်ရိုကိုနဲ့ကွာတားဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်ဆိုရင် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်(သို့မဟုတ်) အင်္ဂလန်နဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

#ပေါ်တူဂီ #ရော်နယ်ဒို #၂၀၂၂ကမ္ဘာ့ဖလား #ဆွစ်ဇာလန် #ဂွန်ကာလိုရာမို့စ်