ဆော်ဒီကလပ် အယ်နာဆာနဲ့ သဘောတူထားတဲ့ သတင်းတွေအပေါ် ငြင်းချက်ထုတ်လိုက်တဲ့ ရော်နယ်ဒို
1:29 PM, 7 December
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆သင်း အဆင့်ပွဲစဉ်အဖြစ် ပေါ်တူဂီအသင်းနဲ့ ဆွစ်ဇာလန်အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်၌ ပေါ်တူဂီအသင်းက ဆွစ်ဇာလန် အသင်းကို ၆ဂိုး - ၁ဂိုး ဖြင့် အနိုင်ရယူနိုင်ခဲ့အပြီးမှာ ယူနိုက်တက် အသင်းကနေ ထွက်ခွာလာတဲ့ ပေါ်တူဂီတိုက်စစ်မှုး ရော်နယ်ဒိုက ဆော်ဒီကလပ် အယ်နာဆာအသင်းကို ပြောင်းရွှေ့ကစားမယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ မှန်ကန်မှုမရှိတဲ့အကြောင်း ငြင်းချက်ထုတ် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
ပီယားစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်အတွင်း ယူနိုက်တက်အသင်းရဲ့ နည်းပြချူပ် တန်ဟတ်အပါအဝင် အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကို လူသိရှင်ကြား ပြောဆိုဝေဖန်ခဲ့တာကြောင့် မန်ချက်စတာအခြေစိုက်ကလပ် အသင်းဘက်ကနေ အသက် ၃၇နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်ကစားသမားဖြစ်တဲ့ ရော်နယ်ဒိုကို အို့ထရက်ဖို့ဒ်မှ ထွက်ခွာစေခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို ဒုတိယမြောက်အကြိမ်မြောက်ရောက်ရှိလာခဲ့မှုမှာ ရော်နယ်ဒိုအနေဖြင့် ထင်သလိုမဖြစ်ခဲ့ဘဲ ဆိုးရွားတဲ့အခြေအနေနဲ့သာ ရင်ဆိုင်ခဲ့ရပြီး ပြန်လည် ထွက်ခွာခဲ့ရအပြီးမှာ အသင်းလက်မဲ့ ဖြစ်နေတာဖြစ်ပြီး ဆော်ဒီကလပ် အယ်နာဆာအသင်းကို တစ်နှစ်လုပ် ခ ပေါင် ၁၇၃ သန်းဖြင့် ပြောင်းရွှေ့ကစားမှာဖြစ်တဲ့ အကြောင်း သတင်းတွေ ထွက်လာခဲ့ပေမဲ့ ပေါ်တူဂီကြယ်ပွင့်က ထွက်ပေါ်နေတဲ့ သတင်းတွေက မှန်ကန်မှုမရှိကြောင်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းက ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စပိန်ကိုကျော်ကာ ကွာတားဖိုင်နယ်အဆင့်ကို တက်လာခဲ့တဲ့ မော်ရိုကို အသင်းနဲ့ ထိပ်တိုက်ကစားသွားရမှာ ဖြစ်ပါတယ်။
ဆော်ဒီပြည်တွင်းလိဂ်မှာ ၉ကြိမ်အထိ ချန်ပီယံဖြစ်ကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ အယ်နာဆာသင်းကို ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိမယ့် ၂နှစ်စာချူပ် ချူပ်ဆိုတော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပက်သက်လို့ ရော်နယ်ဒိုက“မဟုတ်ပါဘူး။ ထွက်ပေါ်နေတဲ့ သတင်းတွေက မှန်ကန်မှု မရှိပါဘူး။ အဓိပ္ပာယ်မရှိတဲ့ အရာတွေပါ” လို့ ပြန်လည် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။