ရှေ့သို့
Image

ကလပ်အသင်းဖော် မာအီဒါအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဝန်ခံခဲ့တဲ့ ဂျူရာနိုဗစ်

3:34 PM, 6 December

ကမ္ဘာ့ဖလားရှုံးထွက်အဆင့်မှာ ခရိုအေးရှားက ဂျပန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီးနောက် ခရိုအေးရှားနောက်ခံလူ ဂျိုဆစ်ဂျူရာနိုဗစ်က ကလပ်အသင်းဖော် ဒိုင်ဇန်မာအီဒါအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဆဲလ်တစ်ကြယ်ပွင့်နှစ်ဦးဟာ ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့အတွက် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြရပြီး မာအီဒါကလည်း အပြာရောင်ဆာမူရိုင်းတွေကို နောက်တစ်ဆင့်ပို့ပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားကစားသွားခဲ့တာ တွေ့ရပါတယ်။ မာအီဒါက ဂျပန်အသင်းအတွက် အဖွင့်ဂိုးကိုလည်း အနီးကပ်ကန်ချက်နဲ့ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခရိုအေရှားအတွက် အိုင်ဗန်ပါရီဆစ်က ချေပဂိုးပြန်လည် သွင်းယူပေးခဲ့တာကြောင့် ပွဲချိန်မိနစ် ၉၀ အတွင်းမှာ အနိုင်အရှုံးမပေါ်ခဲ့ပဲ အချိန်ပိုနဲ့ ပင်နယ်တီတွေထိ ရောက်သွားခဲ့ပါတယ်။

ပင်နယ်တီမှာတော့ ဂျပန်အသင်းဟာ ၃ လုံးထိ လွဲချော်ခဲ့ပြီး ခရိုအေးရှားအတွက် နောက်ဆုံးပင်နယ်တီဂိုးကို မာရီယိုပါလာဆစ်က သွင်းယူခဲ့ပြီး နောက်ဆုံး ၈ သင်း အဆင့်မှာ နာမည်ကြီးဘရာဇီးနဲ့ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ မာအီဒါက လက်ရွေးစင်အသင်းမှာပါဝင်ခဲ့ပေမယ့် ဆဲလ်တစ် အသင်းဖော်တွေဖြစ်တဲ့ ကျိုဂိုဖုရုဟာရှိနဲ့ ရီအိုဟာတာတေးတို့ကတော့ ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။ ကလပ်အသင်းဖောဖြစ်တဲ့ ဂျူရာနိုဗစ်ကတော့ ဝမ်းနည်းစွာငိုကြွေးနေတဲ့ မာအီဒါရဲ့ ဦးခေါင်းပြောင်ကိုပါ အနမ်းပေးပြီး ဘယ်လိုမျိုးအားပေးခဲ့လဲဆိုတာကို ဝန်ခံခဲ့ပါတယ်။

ဂျူရာနိုဗစ်က “ ဒိုင်ဇန်နဲ့က သူငယ်ချင်းတွေပါ၊ ဘောလုံးသမားတိုင်းရဲ့ အိပ်မက်ဖြစ်တဲ့ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းနိုင်မှုကို လုပ်နိုင်ခဲ့လို့ သူ့အတွက်ဂုဏ်ယူပါတယ်။ ဒါပေမယ့် သူငိုနေတာမြင်ရတော့ အရမ်းလည်း စိတ်မကောင်းဖြစ်ရတယ်။ ဘောလုံးဆိုတာ အားကစားတစ်ခုထက်ပိုပါတယ် အဲ့ဒါကြောင့် သူ့ခေါင်းကို အနမ်းဖွဖွလေး ပေးလိုက်တာပါ။ ကျွန်တော့်အတွက် သူကတကယ့် သူငယ်ချင်းကောင်းပါ၊ ဂျပန်အသင်းမှာလည်း သူခြေစွမ်းပြနိုင်ခဲ့တယ်။ ဒီညတော့ တကယ်ဝမ်းနည်းစရာပါပဲ ဒါပေမယ့် ခရိုအေးရှားအတွက်တော့ ဝမ်းသာမိပါတယ်။ ဒီညကျွန်တော်တို့ သမိုင်းတစ်ခု ရေးထိုးနိုင်ခဲ့တာပါပဲ၊ အခုတော့ အနာဂတ်မှာ ကျွန်တော့်သားတွေကို ကျွန်တော်ဘာတွေ လုပ်ခဲ့လဲဆိုတာ ရဲရဲကြီးပြောပြနိုင်သွားပါပြီ”လို့ ပြောခဲ့ပါတယ်။

ဆဲလ်တစ်ရဲ့ပင်တိုင် ပင်နယ်တီကန်သူ တစ်ဦးဖြစ်တာကြောင့် ပင်နယ်တီအရမ်းကန်ချင်မိခဲ့ကြောင်း ဂျူရာနိုဗစ်က ဝန်ခံခဲ့ပါတယ်။ “တကယ်တော့ ကျွန်တော်လည်း ပင်နယ်တီအရမ်းကန်ချင်ခဲ့ပါ၊ ၆ ယောက်မြောက် ကန်ရမှာလည်း ကျွန်တော်ပဲ။ ဆဲလ်တစ်မှာလည်း ကန်နေကျဆိုတော့ ကမ္ဘာ့ဖလားမှာလည်း တစ်လုံးလောက်တော့ ကန်ဖူးချင်ခဲ့တာ။ ရီးရဲလ်မက်ဒရစ်ပွဲကတစ်လုံးကို သတိရမိတယ် ဒါပေမယ့် ဒါက ဘောလုံးပါ။ တစ်ခါတစ်လေလွဲမယ်၊ တစ်ခါတစ်လေ ဂိုးသွင်းနိုင်မယ်။ ပင်နယ်တီမှာ ၇ ဂိုးဝင်ပြီး ၁ ကြိမ်ပဲ လွဲဖူးပါတယ်”လို့ ပြောခဲ့ပါတယ်။

#ဂျပန် #ခရိုအေးရှား #ဆဲလ်တစ် #၂၀၂၂ကမ္ဘာ့ဖလား #ဂျူရာနိုဗစ်