ရှေ့သို့
Image

ဂန္ဓဝင်ကစားသမားကြီး ပီလီရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီတော့မှာဖြစ်တဲ့ နေမာ

1:33 PM, 6 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆သင်း အဆင့်ပွဲစဉ်ဖြစ်တဲ့ ကမ္ဘာ့ဖလား ၅ကြိမ်ချန်ပီယံ ဘရာဇီးအသင်းနဲ့ အာရှဇုန်မှ ပါဝင်ယှဉ်ပြိုင်ခွင့်ရထားတဲ့ တောင်ကိုရီးယားအသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် အစဉ်အလာကွာခြားသလို ကစားသမား စာရင်းမှာလည်း ပိုမိုတောင့်တင်းမှုရှိတဲ့ ဘရာဇီးအသင်းက တောင်ကိုရီးယားအသင်းကို ၄ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ကစားပြီး ကွာတာဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်သလို ပွဲအပြီးမှာလည်း ဘရာဇီးအသင်း အတွက် အရေးပါတဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ နေမာအနေဖြင့် နိုင်ငံ့လက်ရွေးစင်အသင်း အတွက် သွင်းဂိုး ၇၆ဂိုး အထိ ပိုင်ဆိုင်ထားခဲ့ကာ ဘရာဇီးအသင်းရဲ့ ဂန္ဓဝင်ကစားသမားကြီး ပီလီရဲ့ သွင်းဂိုး (၇၇ဂိုး)ကို ကျော်တက်နိုင်ဖို့ နီးစပ်နေပြီပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲရန်ရေပန်းစားမှုမြင့်မားနေတဲ့ နည်းပြ တီတီရဲ့ ဘရာဇီးအသင်းက တောင်ကိုရီးယားနဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း နေမာ ပြန်လည်ပါဝင်လာနိုင်မှုနဲ့အတူ တိုက်စစ်ကစားပုံအထူးကောင်းမွန်ခဲ့ကာ တောင်ကိုရီးယား အသင်းဘက်ကို အခွင့်အရေးတွေတောက်လျှောက်ဖန်တီးနိုင်ခဲ့ပြီး ပထမပိုင်းပွဲကစားချိန်အတွင်းမှာပဲ ဗင်နီးစီးယက်စ်၊ နေမာ၊ ရစ်ချာလီဆန်၊ ပါကွီတာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၄ဂိုးအသာနဲ့ ဦးဆောင်ကစားနိုင်ခဲ့ ပါတယ်။

ဒုတိယ ပိုင်းပွဲကစားချိန်အရောက်မှာတော့ ဘရာဇီးအသင်းရဲ့ ကစားအားချသွားမှုနဲ့အတူ တောင်ကိုရီးယားအသင်းရဲ့ ကစားဟန်ကလည်း ပိုမိုကောင်းမွန်လာခဲ့ပြီး အခွင့်အရေးအချို့ကို ဖန်တီးနိုင်ခဲ့ကာ ပွဲကစားချိန် ၇၈မိနစ်မှာလူစားဝင်ကစားသမား ပိုက်ဆောင်ဟိုက အဝေးကန်ချက်ဖြင့် လှလှပပကန်သွင်းကာ ချေပဂိုးယူပေးခဲ့တာကြောင့် ပွဲပြီးချိန်မှာ ဘရာဇီးအသင်းကပဲ တောင်ကိုရီးယား အသင်းကို ၄ဂိုး - ၁ဂိုး ဖြင့် အနိုင်ကစားပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပြီဖြစ် ပါတယ်။

ဘရာဇီးအသင်းအတွက် သွင်းဂိုး ၇၆ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ နေမာရဲ့ ပြိုင်ပွဲအလိုက်သွင်းဂိုး မှတ်တမ်းတွေကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ သွင်းဂိုး ၇ဂိုးကို ၁၂ပွဲ အတွင်းမှာ သွင်းယူနိုင်ခဲ့သလို ကိုပါအမေရိကပြိုင်ပွဲမှာ ၁၂ပွဲကစားပြီး ၅ဂိုး၊ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ၂၄ ပွဲ ကစားပြီး ၁၄ဂိုး၊ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲမှာ ၅ပွဲ ကစားအပြီး သွင်းဂိုး ၄ဂိုး၊ နိုင်ငံတကာခြေစမ်းပွဲစဉ် ပွဲ ၇၀မှာ သွင်းဂိုး ၄၆ဂိုး  သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလက်ရွေးစင်အသင်းနဲ့ အတူ ကစားခဲ့တဲ့ ပွဲစဉ် ၁၂၃ပွဲမှာ စုစုပေါင်း သွင်းဂိုး ၇၆ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာကြောင့် ဂန္ဓဝင်ကစားသမား ဖြစ်သူ ပီလီရဲ့ ဂိုးသွင်းစံချိန် (၇၇ဂိုး)ကို ကျော်တက်နိုင်ဖို့ အလားအလာကောင်းနေပြီပဲ ဖြစ်ပါတယ်။

#ပီလီ #ဘရာဇီး #နေမာ #၂၀၂၂ကမ္ဘာ့ဖလား