ရှေ့သို့
Image

ဆီနီဂေါအား အနိုင်ရရှိခဲ့ပြီးနောက် ဂျွန်စတုန်းထံသို့ ချီးကျူးလိုက်တဲ့ မက်ဂွါရီ

11:15 AM, 6 December

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲမှာ ဆီနီဂေါအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ အင်္ဂလန်က ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွါရီဟာ လက်ရွေးစင် အသင်းရဲ့ ဗဟိုခံစစ်ကစားဖော်ဖြစ်တဲ့ ဂျွန်စတုန်းထံသို့ ချီးကျူးစကား ပြောဆိုလိုက်ပါတယ်။

ပွဲအစမှာ အထနှေးခဲ့သော်လည်း ပထမပိုင်းပြီးဖို့ ၇မိနစ် အလိုမှာတော့ ကွင်းလယ်ကစားသမား ဟန်ဒါဆင်က အသင်းအတွက် ပထမဆုံး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်းရဲ့အချိန်ပိုတွင် အသင်းခေါင်းဆောင်ကိန်းက သူ့ရဲ့ယခုနှစ်ကမ္ဘာ့ဖလားရဲ့ ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ် လူငယ်ကစားသမားလေး ဆာကာက ဒုတိယပိုင်းအစ ၁၂ မိနစ်အကြာတွင် လှပတဲ့ စွမ်းဆောင်မှုနှင့်အတူ အသင်းရဲ့ တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အင်္ဂလန်ဟာ ကွာတားဖိုင်နယ်အဆင့်ပြိုင်ပွဲအဖြစ် စနေနေ့က ပိုလန်ကို အနိုင်ယူခဲ့တဲ့ ပြင်သစ်နှင့် တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တဲ့ ဘယ်လင်ဂမ်နှင့် ဖိုဒန်တို့ဟာ အင်္ဂလန်အသင်းရဲ့ ဂိုးရရှိမှုတွင် အထူးစွမ်းဆောင်ရည်ကောင်းပြသပေးခဲ့ကြသူတွေပါ။ ဘယ်လင်ဂမ်ဆိုရင် ကွင်းလယ်ကနေ အင်္ဂလန်ကို အကောင်းဆုံးထောက်ပံ့ပေးနေသူဖြစ်ပြီး သူ့ရဲ့အလားအလာကတော့ ပရိသတ်တွေအတွက် တော်တော်လေးကို သဘောကျစရာဖြစ်နေပါတယ်။

ဘယ်လင်ဂမ်နှင့် မန်စီးတီးစတား ဖိုဒန်တို့က အထူးခြေစွမ်းပြသခဲ့တယ်လို့ စဉ်းစားလို့ရသလို မက်ဂွါရီနှင့် စတုန်းတို့အတွဲကလည်း ခံစစ်ရဲ့ဗဟိုတွင် အင်္ဂလန်ရဲ့ တတိယမြောက် Clean Sheet ရရှိမှုမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ကြသူတွေဖြစ်ပါတယ်။ အဖွင့်ပွဲစဉ်က အီရန်နှင့်ပွဲမှာ ပေါ့လျော့တဲ့ ကစားပုံနှင့်အတူ ပင်နယ်တီပါပေးလိုက်ရတာကြောင့် Clean Sheet မရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ အင်္ဂလန်ရဲ့ ခံစစ်က မာကျောမှုရှိနေတုန်းဖြစ်ပါတယ်။

မက်ဂွါရီ - စတုန်းအတွဲက အင်္ဂလန်နောက်တန်းမှာ ကျောက်ဆောင်ကြီးသဖွယ် မာကျောပြနေပြီး လက်ရှိရာသီ ယူနိုက်တက်မှာ ခြေစွမ်းပိုင်းကျဆင်းနေသော်လည်း နည်းပြဆောက်ဂိတ်ကတော့ သူ့ရဲ့ အစီအမံတွေကို ပြောင်လဲလိုက်မှာတော့ မဟုတ်ပါဘူး။ မက်ဂွါရီ - စတုန်းတို့ဟာ ဆောက်ဂိတ် အားကိုးလို့ရတဲ့ ခံစစ်အတွဲဖြစ်ပြီး လက်ရွေးစင်အဆင့်မှာ အဆိုပါ ၂ ဦးက အကောင်းဆုံးခြေစွမ်းပြ ထားသူဖြစ်ပါတယ်။

ဆီနီဂေါကို အနိုင်ရရှိခဲ့ပြီးနောက် ယူနိုက်တက်ဗဟိုခံစစ်မှုးဟာဆိုရင်ဖြင့် အင်စတာဂရမ်တွင် ပို့စ်တင်ကာ စတုန်းကို အသိအမှတ်ပြုထားပါတယ်။ အဆိုပါပို့စ်မှာ စကားလုံး ၂ လုံးသာပါဝင်သော်လည်း မက်ဂွါရီရဲ့ စတုန်းအပေါ် ချီးကျူးထားခြင်းကို ရှင်းလင်းစွာတွေ့မြင်ရမှာပါ။ သူတို့ ၂ ဦးရဲ့ ပုံနှင့်အတူ "ငါ့ရဲ့အသင်းဖော်" လို့ရေးသားကာ ပို့စ်တင်ထားတာပါ။

အင်္ဂလန်အတွက် ကစားခဲ့တဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ သူတို့ ၂ ဦးရဲ့ ယုံကြည်မှုနဲ့ ခံစစ်ကစားပုံက သိသိသာသာ တိုးတက်လာခဲ့တာဖြစ်ပြီး အင်္ဂလန်ရဲ့ အောင်မြင်မှုတွေမှာ အဓိကနေရာကနေ ပါဝင်နေခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ ခံစစ်ကြောင်းဟာ မာကျောလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ခံစစ်အမာကျောဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်လာခဲ့ပါတယ်။ အဆိုပါအချက်ကို အဓိကပြိုင်ပွဲ ၁၁ ပွဲတွင် ၈ ပွဲအထိ Clean Sheet ရရှိနေခြင်းက မီးမောင်းထိုးပြနေတာပါ။

မက်ဂွါရီ၊ စတုန်းတို့နောက်က ဂိုးသမား ပစ်ဖို့ဒ်ကလည်း လက်စွမ်းပြသနေပြီး ဆောက်ဂိတ်အနေနဲ့ မှီခိုအားထားလို့ရမယ့် နောက်တန်းတစ်ခုအဖြစ် တိုးတက်လို့လာနေပါတယ်။

#အင်္ဂလန် #ဆီနီဂေါ #မက်ဂွါရီ #ဂျွန်စတုန်း #၂၀၂၂ကမ္ဘာ့ဖလား