ရှေ့သို့
Image

၂၅ နှစ်အရွယ် ပြင်သစ်ကြယ်ပွင့်ကို ယူနိုက်တက်နဲ့ အပြိုင် စိတ်ဝင်စားလာတဲ့ ဘိုင်ယန်

4:41 PM, 5 December

ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာယူနိုက်တက်က ချိတ်ဆက်နေတဲ့ မိုချန်ဂလာဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်ကို စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။ ဘွန်ဒက်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ဟာ မားကပ်သူရမ်ကို စိတ်ဝင်စားနေကြောင်း မန်ချက်စတာညနေခင်းသတင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဂျာမန်ထိပ်သီးအသင်းဟာ ပြင်သစ်လက်ရွေးစင်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပြီး လာမယ့်နွေရာသီမှာ ၅ နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ၂၅ နှစ်သားရဲ့ လက်ရှိစာချုပ်ဟာ ဒီရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ဂလာဘတ်အနေနဲ့ လာမယ့်ဇန်နဝါရီမှာကတည်းက ရောင်းချဖွယ် ရှိပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဆောင်းရာသီ အပြောင်းအရွှေ့ထက် နွေရာသီ အပြောင်းအရွှေ့ကျမှသာ အသင်းပြောင်းရွှေ့ဖို့ ရွေးချယ်ဖွယ် ရှိပါတယ်။

ဘိုင်ယန်ဟာ ၂၀၂၂ နွေရာသီတုန်းက အဓိကတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးကို ဘာစီလိုနာဆီ ဆုံးရှုံးခဲ့ရတာကြောင့် ဆာဒီယိုမာနေးနဲ့ မာတက်စ်တယ်လ်တို့ကို တိုက်စစ်ပိုင်းအတွက် ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒါပေမယ့် ပိုလန်သားရဲ့ ဂိုးသွင်းနှုန်းမျိုးတော့ ကစားသမားသစ်တွေ မလုပ်နိုင်တာက သေချာနေပါတယ်။ သူရမ်ဟာ လက်ရှိရာသီမှာလည်း ဂလာဘတ်အတွက် အကောင်းဆုံး ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပြီးချိန်မှာ ၁၃ ဂိုးထိ သွင်းထားတဲ့အပြင် ဂိုးဖန်တီးမှု ၄ ကြိမ်လည်း ပြုလုပ်ထားပါတယ်။

အဆိုပါခြေစွမ်းကြောင့် ၂၅ နှစ်အရွယ် တိုက်စစ်မှူးကို နည်းပြဒီဒီယာဒက်စ်ချမ့်က ကမ္ဘာ့ဖလား လူစာရင်းထဲမှာ ထည့်သွင်းရွေးချယ်ခဲ့ပြီး သြစတြေးလျ၊ ဒိန်းမတ်၊ ပိုလန်တို့နဲ့ပွဲစဉ်တွေမှာ လူစားဝင်ကစားခွင့်ပေးခဲ့ပါတယ်။ ပိုလန်ကို ၃-၁ နဲ့ နိုင်တဲ့ပွဲစဉ်မှာတော့ ပြင်သစ်အသင်းရဲ့ တတိယဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက် အတွက်ကတော့ ခရစ္စတီယာနိုရော်နယ်ဒိုမရှိတော့သလို မာရှယ်ကလည်း မကြာခဏဒဏ်ရာ ရနေတဲ့ တိုက်စစ်ကို မဖြစ်မနေ အင်အားဖြည့်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ မားကပ်ရက်ရှ်ဖို့ဒ်ကလည်း နံပါတ် ၉ နေရာကို လက်ရှိကစားနေပေမယ့်  သူရမ်ကတော့ ပိုပြီးပြည့်စုံတဲ့ တိုက်စစ်မှူးဖြစ်မှာ သေချာပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပြင်သစ် #ဘိုင်ယန်မြူးနစ် #၂၀၂၂ကမ္ဘာ့ဖလား #သူရမ်