ရှေ့သို့
Image

လက်ရွေးစင် အသင်းဖော်တစ်ဦးရဲ့ ခြေစွမ်းအပေါ် တခုတ်တရချီးကျူးသွားတဲ့ ဖိုဒန်

12:44 PM, 5 December

ဒီနေ့မနက်ပိုင်း၊ ဆီနီဂေါအသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အတွင်း ခြေစွမ်းပြသနိုင်ခဲ့တဲ့ လက်ရွေးစင်အသင်းဖော် ဘယ်လင်ဟမ်ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတစ်ဦး ဖြစ်လာလိမ့်မယ်လို့ အင်္ဂလန်လက်ရွေးစင်အသင်း တိုက်စစ်မှူး ဖိုဒန်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဘယ်လင်ဟမ်က တောက်ပတဲ့ ခြေစွမ်းကို ဆက်လက်ပြသနိုင်ခဲ့ပြီး ဟန်ဒါဆန်ရဲ့အဖွင့်ဂိုးအတွက်လည်း ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ဖိုဒန်က အသက်-၁၉ နှစ်အရွယ် ကွင်းလယ်လူရဲ့ခြေစွမ်းအပေါ် ချီကျူးခဲ့သလို ဘယ်လင်ဟမ်ရဲ့ကစားပုံမှာ ချို့ယွင်းချက်ဆိုတာ မရှိဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

ITV သတင်းဌာနနဲ့တွေ့ဆုံချိန် ဖိုဒန်က “ဘယ်လင်ဟမ်ရဲ့ အသက်အရွယ်ကြောင့် သူ့အပေါ်မှာ ကျွန်တော့်အနေနဲ့ ချီးကျူးပြောဆိုမှု ကြီးကြီးမားမား မပြုလုပ်ချင်ပေမယ့် သူက ကျွန်တော်မြင်ဖူးသမျှ ပါရမီအရှိဆုံး ကစားသမားတွေအနက် တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ကစားပုံမှာ ချို့ယွင်းချက်၊ အားနည်းချက်ဆိုလို့ တစ်စုံတစ်ခုတောင် မမြင်မိပါဘူး။ သူ့ဆီမှာ အရာအားလုံးရှိပါတယ်။ သူက ကမ္ဘာ့ကောင်းဆုံး ကွင်းလယ်လူတစ်ဦးဖြစ်လာတော့မယ်ဆိုတာ သေချာပါတယ်” လို့ ပြောဆိုခဲ့တာပါ။

အလားတူ ဘယ်လင်ဟမ်က သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ ဝါရင့်ကွင်းလယ်လူ ဟန်ဒါဆန်ရဲ့ခြေစွမ်းပိုင်းအပေါ် အထူးပြုပြောဆိုခဲ့ပါတယ်။

“ပထမပိုင်း ၃၅ မိနစ်လောက်က တကယ့်ကို ခက်ခဲခဲ့ပါတယ်။ သူတို့က တကယ်ကို ကျစ်ကျစ်လစ်လစ်နဲ့ စွမ်းအားအပြည့် ပြေးလွှားကစားခဲ့ပါတယ်။ ဒီလိုပွဲစဉ်မျိုးက အသင်းအတွက် ဦးဆောင်ဂိုးလိုအပ်နေတဲ့ ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒါကိုလုပ်နိုင်ခဲ့ရင် ကျွန်တော်တို့အသင်း အခြေအနေကောင်းသွားမယ် ဆိုတာ သိခဲ့ကြပါတယ်။ ဒီဂိုးကလည်း တကယ်ကိုကောင်းမွန်ခဲ့တာပါ။ ဟန်ဒါဆန်ကလည်း ဒီနေ့မှာ ထက်မြက်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ချပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ကစားပုံအပေါ် ဝေဖန်ပြောဆိုလေ့ရှိတဲ့ သပုတ်လေလွင့်စကားတွေကိုလည်း ကျွန်တော် ကြားသိခဲ့ရပါတယ်။ အရိုးသားဆုံးပြောရရင် ဒါတွေက တကယ့်ကို ရယ်စရာကောင်းပါတယ်။ ဟန်ဒါဆန်က နည်းစနစ်ပိုင်းအရ အမြဲလိုလို နှိမ့်ချသတ်မှတ်ခံရပါတယ်။ ဒီတစ်ခေါက်မှာတော့ သူက ကြီးမားတဲ့သွင်းဂိုးတစ်ဂိုးနဲ့အတူ ပွဲကြီးပွဲကောင်းတစ်ခုဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ သူဟာ တကယ်ထိုက်တန်တဲ့လေးစားမှုတွေ ရရှိရမယ့် အချိန်ပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။

၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ခဲ့တဲ့ အသက် ၂၁ နှစ်၊ ၂၈၄ ရက်အရွယ်ရှိ ရော်နယ်ဒိုနောက်ပိုင်း ဆီနီဂေါနဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့  အသက် ၂၂ နှစ်၊ ၁၉၀ ရက် အရွယ်ရှိ ဖိုဒန်က ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲစဉ်တစ်ခုမှာ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းဟာ လာမယ့်ဒီဇင်ဘာ ၁၀ ရက်မှာ လက်ရှိချန်ပီယံပြင်သစ်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ် ကစားသွားရဖို့ ရှိနေပါတယ်။

#အင်္ဂလန် #ဆီနီဂေါ #ဖိုဒန် #၂၀၂၂ကမ္ဘာ့ဖလား #ဘယ်လင်ဟမ်