ဘယ်လ်ဂျီယံ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့အတွက် လူကာကူမှာ အပြစ်မရှိဘူးလို့ ကာကွယ်ပြောဆိုလိုက်တဲ့ ဒိုကူ
3:59 PM, 2 December
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (F) ရဲ့ အုပ်စုပိတ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ခရိုအေးရှား အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ ကစားခဲ့ကြတဲ့ပွဲတွင် အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ရေးအတွက် နိုင်ပွဲဖော်ဆောင်ဖို့ လိုအပ်နေတဲ့ နည်းပြ မာတီနက်ဇ်ရဲ့ ဘယ်လ်ဂျီယံအသင်းအနေဖြင့် ခရိုအေးရှား အသင်းဘက်ကို ဂိုးသွင်းယူနိုင်ဖို့ အပိုင်အခွင့်အရေးအချို့ ရခဲ့ပေမဲ့ တိုက်စစ်ကစားသမား လူကာကူ အသုံးမချ နိုင်ခဲ့တာကြောင့် သွင်းဂိုးရှာဖွေနိုင်ခဲ့ခြင်း မရှိဘဲ ၀ - ၀ ရလဒ်ဖြင့် ပွဲပြီးခဲ့ကာ အုပ်စုအဆင့်ကနေပဲ လှည်ပြန်ခဲ့ရတဲ့အပေါ် လူကာကူမှာ အပြစ်မရှိတဲ့အကြောင်း ဒိုကူက ကာကွယ်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
နိုင်ပွဲဖော်ဆောင်နိုင်ဖို့ အရေးတကြီးလိုအပ်နေတာကြောင့် နည်းပြ မာတီနက်ဇ်ရဲ့ ဘယ်လ်ဂျီယံအသင်း ဟာဇက်ကို အရန်ထားကာ ကာရက်စ်ကို ကိုထည့်သွင်း ပွဲထွက်စေခဲ့ပြီး ကစားကွက်ပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ချို့ လုပ်ခဲ့ပေမဲ့ ထင်သလောက်အလုပ်မဖြစ်ခဲ့ဘဲ ခရိုအေးရှား အသင်းရဲ့ တိုက်စစ်ပိုင်းကိုသာ သတိကြီးကြီးထားထိန်းချူပ်ကစားနေခဲ့ရပါတယ်။
ဒုတိယပိုင်းအရောက်မှာ လူကာကူ၊ ဒိုကူတို့ရဲ့ ဝင်ရောက်လာမှုနဲ့အတူ ဘယ်လ်ဂျီယံအသင်းအတွက် အခွင့်အရေးအချို့ ဖော်ဆောင်လာနိုင်ခဲ့ပေမဲ့ တိုက်စစ်မှုးလူကာကူ အကြိမ်ကြိမ်လွဲချော်ခဲ့လို့သာ အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ဘယ်လ်ဂျီယံကို သရေကစားနိုင်ခဲ့တဲ့ ခရိုအေးရှားကတော့ အုပ်စုပွဲစဉ်တွေအပြီးမှာ ရမှတ် ၅မှတ်ရရှိကာ အုပ်စုဒုတိယနေရာကနေ ၁၆သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
အုပ်စုအဆင့်မှာသာ ကျေနပ်ခဲ့ရတဲ့ အပေါ် လူကာကူမှာ အပြစ်မရှိတဲ့အကြောင်းကို ခြေစွမ်းပြကစားခဲ့တဲ့ ဘယ်တောင်ပံတိုက်စစ်ကစားသမား ဒိုကူက“သူက အခွင့်အရေးတွေ များစွာလွဲချော်ခဲ့တာမှန်ပေမဲ့ ဒါကသူ့အပြစ်လို့တော့ ကျွန်တော်မထင်မိပါဘူး။ ကျွန်တော်တို့အားလုံးကအနိုင်ရချင်သလို ဖြစ်ခဲ့ရတဲ့အရာတွေအပေါ်မှလည်း အားလုံးက နားလည်ပေးပြီးသားပါ” “အခွင့်အရေးတွေရခဲ့တာက လူကာကူတစ်ယောက်တည်းမဟုတ်ဘဲ အခြားကစားသမားတွေလည်းရခဲ့တာပါပဲ။ အားလုံးက သွင်းဂိုးတွေ ရရှိဖို့ အကောင်းဆုံး ကြိုးစားခဲ့ကြတာပါ” လို့ကွာကွယ်ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။