ရှေ့သို့
Image

ဝေဖန်ပြစ်တင်ခံရတဲ့ ဘန်ဂျမင် ပါဗက်ဘက်က ရပ်တည်ပေးခဲ့တဲ့ ဟူဂိုလိုရစ်နဲ့ အိုလီဗာဂျီရော့ဒ်

3:45 PM, 2 December

ကမ္ဘာ့ဖလားမှာ ဘန်ဂျမင် ပါဗက်ဟာ ပြင်သစ်အသင်းဖော်တွေရဲ့ ဝေဖန်ပြစ်တင်ခြင်း ခံနေရတယ်လို့ သိရပြီး နည်းပြ ဒတ်စ်ချန့်ကလည်း တူနီးရှားနဲ့ပွဲမှာ ပါဗက်ကို အသင်းရဲ့ ကစားကွက်နဲ့ မကိုက်ညီလို့ ထည့်သွင်း အသုံးမပြုတာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပါဗက်ဟာ ပြင်သစ်အသင်းရဲ့ အုပ်စု အဖွင့်ပွဲစဉ် ဩစတြေးလျအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး သူ့ရဲ့ အမှားကနေတဆင့် ဩစတြေးလျအသင်းကို အဖွင့်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ L'EQUIPE ရဲ့ သတင်းအရကတော့ ပါဗက်ဟာ ထိုပွဲစဉ်အပြီးမှာ နည်းပြ ဒတ်စ်ချန့်ရဲ့ ပြစ်တင်ခြင်းကိုလည်း ခံခဲ့ရတယ်လို့ သိရပါတယ်။

ပါဗက်ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုတွေ ရှိတယ်လို့ သိရသလို အသင်းဖော်တချို့ကလည်း ပါဗက်ဘက်က ကာကွယ်ပြောဆိုပေးခဲ့တယ်လို့လဲ သိရပါတယ်။ အသင်းခေါင်းဆောင် ဟူဂိုလိုရစ်နဲ့ ဂျီရော့ဒ်တို့ဟာ ပါဗက်ဘက်မှ ကာကွယ်ပြောဆိုပေးခဲ့ကြပါတယ်။

ပါဗက်ဟာ ပြင်သစ်အသင်းရဲ့ အုပ်စု ဒုတိယပွဲစဉ်ကို ပါဝင်ကစားခွင့် မရခဲ့ပဲ နည်းပြက ဂျူလီကောင်ဒီကို ပွဲထွက် ကစားစေခဲ့ပါတယ်။ ထို့အပြင် တူနီးရှားနဲ့ ပွဲစဉ်မှာလည်း အသင်းရဲ့ ပွဲထွက် ကစားသမားစာရင်းကို ၉ ယောက်အထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ထိုပွဲစဉ်မှာလည်း ဒတ်ချန့်က ပါဗက်ကို အသုံး မပြုခဲ့ပါဘူး။ ပွဲထွက်လာတဲ့ နောက်တန်းကစားသမား ကွန်ဒီကို အဲလက်စ်ဒီဆာဆီက လူစားဝင်ကစားခွင့်ရခဲ့ပါတယ်။

ပါဗက်ကို ထည့်သွင်း မကစားခဲ့တဲ့ အတွက်လည်း ဒက်စ်ချမ့်က "ကျွန်တော်သူ့ကို ဒီပွဲမှာ ထည့်သွင်း မကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသေးစိတ်တော့ မပြောတော့ပါဘူး။ သူနဲ့လည်း စကားအများကြီး ပြောဖြစ်ပါတယ်။ ဩစတြေးလျနဲ့ ပွဲမှာ သက်ရောက်မှု ကောင်းကောင်း မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း တခြားရွေးချယ်စရာကို ရွေးချယ်လိုက်ရတာပါ" တူနီးရှားနဲ့ပွဲမှာတော့ ပြင်သစ်အသင်းဟာ ရှုံးပွဲတွေ့ခဲ့ရတာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလား နောက်ပိုင်း ပထမဆုံး ရှုံးပွဲ ဖြစ်လာခဲ့ပါတယ်။ ပြင်သစ်ဟာ အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ခဲ့ပြီး  ရှုံးထွက် အဆင့်ကို ပိုလန်အသင်းနဲ့ ကစားရမှာပါ။ ပါဗက်ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းအတွက် ပွဲတိုင်း ပါဝင်ကစားခွင့်ရထားပေမယ့် ယခု ကမ္ဘာ့ဖလားမှာတော့ ဒက်စ်ချမ့်ရဲ့ ချန်လှပ်ခြင်းကို ခံနေရပါတယ်။ သူဟာ လက်ရှိကမ္ဘာ့ဖလားအတွက် ပြင်သစ်အသင်းလူစာရင်းမှာ ပါဝင်ကစားခွင့် ရဖွယ် မရှိပါဘူး။

#လိုရစ် #ဂျီရော့ဒ် #၂၀၂၂ကမ္ဘာ့ဖလား #တူနီးရှား #ပါဗက်