ရှေ့သို့
Image

ဆွစ်ဇာလန်နဲ့ ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ပြောလိုက်တဲ့ ဆားဘီးယားနည်းပြ စတိုကိုဗစ်

3:15 PM, 2 December

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိရေး မဖြစ်မနေအနိုင်ရဖို့လိုအပ်နေတဲ့ ဆွစ်ဇာလန်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အတွက် ဆားဘီးယားအသင်းဟာ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ စတိုကိုဗစ်က ပြောဆိုလိုက်ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စု(G)ရဲ့ နောက်ဆုံးပွဲစဉ်ကစားရဖို့ ကျန်ရှိနေသေးချိန်မှာ ဘရာဇီးက ရှုံးထွက် ၁၆ သင်း အဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပေမယ့် လက်ကျန်တစ်နေရာ အတွက် ကင်မရွန်း၊ ဆားဘီးယားနဲ့ ဆွစ်ဇာလန်တို့မှာ အခွင့်အရေးကိုယ်စီရှိနေပါတယ်။ လက်ရှိအချိန်မှာ ဆွစ်ဇာလန်က အုပ်စုဒုတိယနေရာမှာရပ်တည်နေပြီး ကင်မရွန်းနဲ့ ဆားဘီးယားတို့ကတော့ ရမှတ်တစ်မှတ်စီနဲ့ အုပ်စုအောက်ပိုင်းမှာရပ်တည်နေပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာ ဆားဘီးယားအနေနဲ့ အနိုင်ရရှိပြီး ကင်မရွန်းသာ ဘရာဇီးကို အနိုင်မရခဲ့ဘူးဆိုရင် ဆားဘီးယားအနေနဲ့ အုပ်စုဒုတိယအဖြစ် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

“ဒီပွဲစဉ်မှာ ကျွန်တော်တို့က လိုအပ်နေတဲ့ရလဒ်ကို ရရှိဖို့ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို ရှာဖွေတိုက်ခိုက်သွားရပါမယ်။ အုပ်စုမဲခွဲပွဲပြီးကတည်းက ဘရာဇီးကတော့ ဒီအုပ်စုမှာ လုံးဝခြားနားတဲ့ အသင်းတစ်ခုဆိုတာ ကျွန်တော်တို့ သိထားခဲ့ပြီး အုပ်စုဒုတိယနေရာအတွက် ကင်မရွန်း၊ ဆွစ်ဇာလန်တို့နဲ့ ယှဉ်ပြိုင်ရမယ်ဆိုတာ နားလည်ထားခဲ့ပါတယ်။ ဆွစ်ဇာလန်နဲ့ပွဲစဉ်က အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သလို အရေးအကြီးဆုံးပွဲစဉ်ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့တယ်။ ဒါကို အခုလက်ရှိကြုံတွေ့နေပြီ။ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံ့အားသင့်စရာတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ စတိုကိုဗစ်က ပြောဆိုခဲ့တာပါ။ ဆွစ်ဇာလန်နဲ့ပွဲစဉ်ကို မဖြစ်မနေအနိုင်ကစားရမယ့် ဆားဘီးယားအသင်းအနေနဲ့ အားထားရတဲ့တိုက်စစ်မှူး ဗလာဟိုဗစ်ရဲ့ ကြံ့ခိုင်မှုပိုင်းဟာ ဒီပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေမလားဆိုတဲ့ စိတ်လှုပ်ရှားဖွယ်ရာ စောင့်ဆိုင်းမှုတစ်ခုကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် စတိုကိုဗစ်ကတော့ ဗလာဟိုဗစ်ဟာ ဒီပွဲစဉ်အတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

“ဗလာဟိုဗစ်ရဲ့ ကြံ့ခိုင်မှုပိုင်းအခြေအနေက ကျွန်တော်တို့အသင်း ဒိုဟာမြို့ဆီ ခရီးထွက်လာတဲ့အချိန်ကထက် ပိုကောင်းလာနေပါတယ်။ သူ့အနေနဲ့ ဒီပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် အခုတော့ ခင်ဗျားကို ဒီထက်ပိုပြီး မပြောနိုင်သေးဘူး”လို့ ဆာဘီးယားနည်းပြ စတိုကိုဗစ်က ဆက်ပြောခဲ့ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #ဆွစ်ဇာလန် #ဆားဘီးယား #စတိုကိုဗစ်