ရှေ့သို့
Image

တူနီးရှားနဲ့ ပွဲစဉ်မှာ ဘယ်နောက်ခံလူအဖြစ် ခြေစွမ်းပြခဲ့လို့ ပရိသတ်တွေဆီက ချီးကျူးမှုတွေရရှိနေတဲ့ ကာမာဗင်ဂါ

4:57 PM, 1 December

မနေ့ညပိုင်း၊ တူနီးရှားကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ်လက်ရွေးစင်ကစားသမား ကာမာဗင်ဂါက ပုံမှန်ကစားနေကျ ကွင်းလယ်လူနေရာမဟုတ်ဘဲ ဘယ်အစွန်နောက်ခံလူအဖြစ် ပွဲထွက်ပါဝင်ကစားရင်း ခြေစွမ်းပြသနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ ချီးကျူးဂုဏ်ပြုမှုတွေ ရရှိနေပါတယ်။

အုပ်စုပွဲစဉ်နှစ်ပွဲကစားပြီးချိန်မှာပဲ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ရေး သေချာနေခဲ့တဲ့ ဒီဒီယာဒက်ချမ့်စ်ရဲ့အသင်းက အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တူနီးရှားနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကို ၉ နေရာအထိ အပြောင်းအလဲလုပ်လာခဲ့ပါတယ်။ ဒီလိုအပြောင်းအလဲတွေအနက် တစ်ခုကတော့ ဘယ်နောက်ခံလူ သီယိုဟာနန်ဒက်ဇ်ရဲ့နေရာမှာ ဝင်ရောက်ကစားတဲ့ ကာမာဗင်ဂါပဲ ဖြစ်ပါတယ်။ ကာမာဗင်ဂါက ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပွဲပေါင်း ၁၄၀ ကျော်ကစားထားပြီး ပင်တိုင်ကစားတဲ့နေရာကတော့ ဗဟိုကွင်းလယ်လူနေရာဖြစ်ပါတယ်။

ဒီပွဲစဉ်အတွင်း ကာမာဗင်ဂါက တူနီးရှားအသင်းရဲ့ထိုးဖောက်ကန်သွင်းမှုတွေကို ပိတ်ဆို့ကာကွယ်နိုင်ခဲ့သလို အသင်းအတွက်လည်း ဖြတ်တင်ဘောပေးပို့မှု ၁၈ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပါတယ်။ Sofascore ရဲ့ အချက်အလက်မှတ်တမ်းတွေအရ အခုစွမ်းဆောင်ရည်ပိုင်းမှာ ၁၉၆၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။

တူနီးရှားနဲပွဲစဉ်၊ ပွဲချိန်အစပိုင်းမှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူက ဘယ်နောက်ခံလူအဖြစ် အံဝင်ဖို့ အနည်းငယ်ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာတော့ နေရာသစ်နဲ့အံဝင်ခွင်ကျဖြစ်လာခဲ့ပါတယ်။

ဘောလုံးပရိသတ်တွေကတော့ ကာမာဗင်ဂါရဲ့ ဘယ်နောက်ခံလူနေရာမှာ ခြေစွမ်းပြကစားနိုင်ပုံကို အထူးကြိုက်နှစ်သက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေထက် ချီးကျူးခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးက “ သူတို့ကတော့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီအတွက် အကြံကောင်းတွေ ပေးနေတာပဲ”လို့ ရေးသားခဲ့သလို နောက်တစ်ဦးကလည်း “ကာမာဗင်ဂါက ရီးရဲလ်မက်ဒရစ်မှာ တိုနီကရူးစ်၊ မိုဒရစ်နဲ့ ကတ်စ်မဲရိုးတို့ရဲ့ အရိုက်အရာကို ဆက်ဆံရဖို့ ရှိနေသူဖြစ်ပါတယ်။  ဒီပုံစံအတိုင်းဆိုရင် မာဆယ်လိုရဲ့ နေရာကိုလည်း ဆက်ခံရဖို့ ရှိပါလိမ့်မယ်”လို့ ချီးကျူးခဲ့ပါတယ်။

တတိယမြောက်တစ်ဦးကလည်း “ ပြင်သစ်အသင်းအတွက် ဒီနေရာမှာ ဘယ်သူပဲကစားသည်ဖြစ်ပါစေ၊ အရမ်းကို သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာမာဗင်ဂါရှိနေလို့ပါ”လို့ ရေးသားခဲ့ပြန်ပါတယ်။

#ပြင်သစ် #၂၀၂၂ကမ္ဘာ့ဖလား #ကာမာဗင်ဂါ #တူနီးရှား