ရှေ့သို့
Image

ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး အာရပ်ကစားသမားစာရင်းမှာ ပါဝင်လာတဲ့ အယ်လ်ဒေါ်စရီနဲ့ ခါဇရီ

4:20 PM, 1 December

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားနဲ့ ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဆော်ဒီတောင်ပံကစားသမား ဆလမ်အယ်ဒေါ်စရီနဲ့ ကမ္ဘာ့ဖလားလက်ရှိချန်ပီယံပြင်သစ်အသင်းကို အလဲထိုးခဲ့တဲ့ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တူနီးရှားတိုက်စစ်မှူး ခါဇရီတို့ဟာ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး အာရပ်ကစားသမား စာရင်းရဲ့ထိပ်ဆုံးနေရာမှာ ဆော်ဒီဝါရင့်တိုက်စစ်မှူး အယ်လ်ဂျာဘာနဲ့အတူ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆော်ဒီဂန္တဝင်တိုက်စစ်မှူး အယ်လ်ဂျာဘာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၃ ဂိုး ရယူပြီး ဒီစံချိန်မှတ်တမ်းကို စိုက်ထူထားတာပါ။ အယ်လ်ဂျာဘာက ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ မော်ရိုကိုနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး၊ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ တောင်အာဖရိကနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ တူနီးရှားနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒီတိုက်စစ်မှူးကြီးက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လေးကြိမ်ဆက် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

အယ်လ်ဒေါ်စရီကလည်း သူ့တို့နိုင်ငံအသင်း၊ ဂန္တဝင်တိုက်စစ်မှူးကြီးရဲ့ စံချိန်မှတ်တမ်းကို လိုက်မှီနိုင်ခဲ့ပါတယ်။ အယ်လ်ဒေါ်စရီက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အီဂျစ်အသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အာဂျင်တီးနားနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးနဲ့ မက္ကဆီကိုနဲ့ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးကို စွမ်းဆောင်ပေးခဲ့တာပါ။

အလားတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံနဲ့ ပနားမားတို့ကို သွင်းဂိုးတစ်ဂိုးစီ သွင်းယူနိုင်ခဲ့တဲ့ တူနီးရှားအသင်းခေါင်းဆောင်၊ အသက်-၃၁ နှစ်အရွယ်တိုက်စစ်မှူး ခါဇရီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွင်း ပြင်သစ်အသင်းကို အနိုင်ရခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူခဲ့ပြီးနောက် ကမ္ဘာ့ဖလား သွင်းဂိုးအများဆုံး အာရပ်ကစားသမားစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။

ဆော်ဒီနဲ့ တူနီးရှားတို့ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်မှာပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။

#အာဂျင်တီးနား #၂၀၂၂ကမ္ဘာ့ဖလား #ဆော်ဒီ #အယ်လ်ဒေါ်စရီ #ခါဇရီ