ရှေ့သို့
Image

ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတဲ့ ဘရိုနိုဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ရီးရဲလ်စောင့်ကြည့်နေတယ်လို့ သတင်းထွက်

3:47 PM, 1 December

ကာတာမြေမှာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ရေး စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက်-၂၈ နှစ်အရွယ် ကွင်းလယ်လူက ပြီးခဲ့တဲ့တနင်္လာနေ့၊ ဥရုဂွေးကို နှစ်ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်း အတွက် သွင်းဂိုးနှစ်ဂိုးလုံးကို သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားအုပ်စု အဖွင့်ပွဲစဉ်အဖြစ် ဂါနာနဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်ဇ်က ပေါ်တူဂီအသင်းအတွက် ဂိုးဖန်တီးမှုနှစ်ကြိမ် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်ဇ်က ပြီးခဲ့တဲ့ဧပြီလအတွင်း မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးထားခဲ့တာပါ။ ဗြိတိန်အခြေစိုက် The Express သတင်းဌာနရဲ့ အဆိုအရ စပိန်ဘီလူးကြီးဟာ ယူနိုက်တက်ကွင်းလယ်လူကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့(သို့) နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘရူနိုဖာနန်ဒက်ဇ်အပေါ် ကာလရှည်စိတ်ဝင်စားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ထပ်မံပြသနေတဲ့ ပေါ်တူဂီ ကွင်းလယ်စတားကို ခေါ်ယူနိုင်ရေး စိတ်အားထက်သန်မှု ပိုမိုပြင်းပြလာပြီလို့ သိရပါတယ်။ ပေါ်တူဂီအခြေစိုက်သတင်းဌာန Record ကလည်း ရီးရဲလ်မက်ဒရစ်ဟာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ကစားပေးနေတဲ့ ဘရူနိုဖာနန်ဒက်ဇ်ကို စောင့်ကြည့်နေတယ်လို့ အခိုင်အမာဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်သာ အခုရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့စွဲဆောင်မှုက ဘရူနိုဖာနန်ဒက်ဇ်ရဲ့အပြောင်းအရွှေ့အပေါ် သက်ရောက်မှုရှိစေနိုင်တယ်လို့ The Express သတင်းဌာန ရဲ့ဖော်ပြမှုအရ သိရပါတယ်။

#ပေါ်တူဂီ #ရီးရဲလ်မက်ဒရစ် #ဖာနန်ဒက်စ် #၂၀၂၂ကမ္ဘာ့ဖလား