ရှေ့သို့
Image

ပွဲနေ့တွေ ကပ်လွန်းနေတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ အာဂျင်တီးနား နည်းပြ စကာလိုနီ

3:17 PM, 1 December

ဒီနေ့မနက်ပိုင်း၊ ပိုလန်အသင်းကို နှစ်ဂိုးပြတ် အနိုင်ရပြီးနောက် အာဂျင်တီးနား အသင်းဟာ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီး အုပ်စု နောက်ဆုံးပွဲစဉ်နဲ့ ရှုံးထွက်ပွဲစဉ် ကစားရမယ့်အချိန် အရမ်းနီးကပ်နေတဲ့အပေါ် အာဂျင်တီးနားနည်းပြ စကာလိုနီက စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၁၆ သင်းရှုံးထွက်ပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ သြစတြေးလျတို့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ အာဂျင်တီးနားက အနိုင်ရဖို့ ရေပန်းစားနေပေမယ့် သူ့အသင်းအတွက် အုပ်စုနောက်ဆုံးပွဲစဉ်အပြီး ရက်ပိုင်းမှာပဲ ရှုံးထွက်အဆင့်ပွဲစဉ်ထပ်ကစားရဖို့ ရေးဆွဲထားတဲ့ ပွဲစဉ်ဇယားအပေါ် စကာလိုနီက စိတ်ပျက်နေတာပါ။

အာဂျင်တီးနားက ဒီနေ့(ဒီဇင်ဘာ ၁ ရက်)မနက်ပိုင်းမှာ အုပ်စုနောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပြီး အုပ်စုဗိုလ်အဖြစ် ရပ်တည်နိုင်ခဲ့တာကြောင့် ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းမှာ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပိုလန်အသင်းကို အနိုင်ရခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်အပြီး စကာလိုနီက “ဒီနေ့ ကျွန်တော်တို့အသင်း ပျော်နေပေမယ့် သိပ်တော့လည်း မကြည်နူးမိပါဘူး။ ကျွန်တော် ဒါကို တကယ်ကို နားမလည်နိုင်တာပါ။ အခု သတင်းစာရှင်းလင်းပွဲလုပ်နေတာတောင် နောက်တစ်ရက်ထဲ ကူးနေပါပြီ။ ကျွန်တော်တို့ အနားယူဖို့အချိန် ဒီထက်ပိုပြီး ရှိသင့်ပါတယ်။ အုပ်စုဗိုလ်အဖြစ် အောင်ပွဲခံပြီးနောက် နှစ်ရက်နဲ့တစ်ပိုင်းလောက်ပဲ အနားယူရမယ်ဆိုတာကတော့ မှန်ကန်တဲ့အရာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပဲ ပြောချင်ပါတယ်။ ဒီလိုအခြေအနေတွေက မကောင်းပါဘူး”လို့ ပြောဆိုခဲ့တာပါ။

ဒီနေ့မနက်ပိုင်းပွဲစဉ်မှာ အုပ်စုတက်ရေးမျှော်လင့်ချက်အတွက် အာဂျင်တီးနားက ပိုလန်ကို အနိုင်ရဖို့  လိုအပ်နေခဲ့ပြီး နည်းပြစကာလိုနီကတော့ အာဂျင်တီးနားရဲ့ စိတ်ဓါတ်ပိုင်းအတွက် ကျေနပ်နေခဲ့ပါတယ်။

“ဒီပွဲစဉ်ရဲ့ခြေစွမ်းပိုင်းအပေါ် ကျွန်တော်တို့ ကျေနပ်မိပါတယ်။ လွယ်တော့ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့က ဖိအားနည်းပါးနေတဲ့ အသင်းကို အနိုင်ရအောင် ယှဉ်ပြိုင်ကစားခဲ့ရတာပါ။ ဒီအပေါ်မှာ ကျွန်တော်တို့ မှန်မှန်ကန်ကန်နားလည်မှုရှိခဲ့ပြီး ကစားသမားတွေကလည်း အရမ်းကောင်းမွန်တဲ့ပွဲစဉ်တစ်ခုကို ကစားခဲ့တာပါ။ ကျွန်တော်တို့ ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်တိုက်ပွဲဝင်သွားရမှာပါ။ တကယ်မှားနေတဲ့အချက်က ဒီနေ့နိုင်ပွဲရလိုက်တာကိုပဲ အာဂျင်တီးနားကတော့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာတော့မယ်ဆိုပြီး တွေးမြင်နေကြတဲ့အချက် ဖြစ်ပါတယ်။ ကျွန်တော်အမြဲပြောခဲ့သလိုပါပဲ၊ အသင်းတိုင်းက အရမ်းကောင်းကြပါတယ်။ ဆော်ဒီဆိုလည်း အသင်းကောင်းပါပဲ။ ဘောလုံးဆိုတာမျိုးက ကောင်းကောင်းကစားနေရင်း ရှုံးနိမ့်သွားတာမျိုး ရှိတက်ပါတယ်။ ဆော်ဒီနဲပွဲစဉ်အပြီးမှာ ကျွန်တော်ရရှိခဲ့တဲ့ ခံစားမှုမျိုးပေါ့။ ကောင်းကောင်းမကစားနိုင်တာတောင် ပွဲရဲ့ အနိုင်ရလဒ်နဲ့ ထိုက်တန်နေတာမျိုးလည်း ရှိပါတယ်။ ပွဲစဉ်တိုင်းက ခက်ခဲမှာပါ။ အခုအချိန်ကစပြီး မင်းအနေနဲ့ အာဂျင်တီးနားရဲ့ပွဲစဉ်တွေ အရမ်းလွယ်ကူသွားပြီလို့ တွေးလိုက်မယ်ဆိုရင် ဒါက မှားယွင်းပါတယ်။ ပြိုင်ဘက်တွေကလည်း သူတို့ရဲ့ထက်မြက်မှုတွေကို ပြသခဲ့ပါတယ်”လို့ စကာလိုနီက ဆက်ပြောခဲ့ပါတယ်။

#စကာလိုနီ #အာဂျင်တီးနား #ပိုလန် #၂၀၂၂ကမ္ဘာ့ဖလား