ရှေ့သို့
Image

တူနီးရှားနဲ့ ပွဲစဉ်မှာ ဂရစ်ဇ်မန်းရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဖီဖာထံ ကန့်ကွက်လွှာတင်သွားမယ့် ပြင်သစ်အသင်း

1:05 PM, 1 December

ပြင်သစ်အသင်းဟာ ယမန်နေ့ည တူနီးရှားနဲ့ ပွဲစဉ်မှာ ဂရစ်ဇ်မန်းရဲ့ နောက်ကျချေပဂိုးနဲ့ ပတ်သက်ပြီး ခွင့်မပြုခဲ့ခြင်းအပေါ် ဖီဖာထံ ကန့်ကွက်လွှာတင်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဂရစ်ဇ်မန်းဟာ အချိန်ပိုမိနစ်အတွင်း ချေပဂိုး သွင်းပေးခဲ့ပေမယ့် ချူအာမန်နီထံကနေ ဘောလုံးလက်ခံယူစဉ် လူကျွံနေခဲ့တာကြောင့် ဂိုးကို ပြန်လည်ပယ်ဖျက်သွားခဲ့ပါတယ်။ ဂရစ်ဇ်မန်းထံ ဘောလုံးလာစဉ် ချူအာမန်နီရဲ့ပေးပို့မှုက တူနီးရှား နောက်ခံလူနဲ့ထိကာ ရောက်သွားခဲ့တာဖြစ်ပေမယ့် အဆိုပါဂိုးကို ခွင့်မပြုခဲ့တာကြောင့် တူနီးရှားက အနိုင်ရရှိသွားခဲ့ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ “ကျွန်တော်တို့အမြင်မှာ ဂရစ်ဇ်မန်းရဲ့ဂိုးက မှားယွင်းပယ်ဖျက်ခြင်းခံခဲ့ရတယ်လို့ထင်တဲ့အတွက် တရားဝင်ကန့်ကွက်လွှာရေးသားထားပါတယ်။ အဲ့ဒီကန့်ကွက်လွှာကို ပွဲအပြီး ၂၄နာရီအတွင်း  ပို့ပေးသွားမှာပါ”လို့ ဖော်ပြထားပါတယ်။

ပြင်သစ်အသင်းကတော့ ဂိုးမပေးခြင်းကို ကန့်ကွက်တာလား၊ ပွဲပြီးမှ VARပြန်ကြည့်ပြီး ဂိုးကိုပယ်ဖျက်တာကို ကန့်ကွက်တာလားဆိုတာ သေချာမပြောထားပါဘူး။ ပြင်သစ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမယ့် ၁၆သင်း အဆင့်ကို ဇယားထိပ်ကနေ တက်နိုင်ခဲ့ပြီး ပိုလန်အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

#ပြင်သစ် #ဂရစ်ဇ်မန်း #၂၀၂၂ကမ္ဘာ့ဖလား #တူနီးရှား