ရှေ့သို့
Image

ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်း တည်းခိုနေရာကို သွားခွင့်မရလို့ ပေါက်ကွဲနေတဲ့ အဂူရို

11:43 AM, 1 December

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားရှိရာ သွားရောက်လည်ပတ်ခွင့်ကို အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ပိတ်ပင်ခဲ့တာကြောင့် စိတ်ဆိုးဒေါသထွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ကမှ နှလုံးရောဂါကြောင့် ကစားသမားဘဝက အနားယူလိုက်ရတဲ့ အသက် ၃၄ နှစ်အရွယ် အဂူရိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ကာတာကိုရောက်ရှိနေပြီး နိုင်ငံအသင်းဖော်ဟောင်းတွေနဲ့ အချိန်ကုန်ဖို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့် တရားဝင်အသိအမှတ်ပြု အထောက်အထားတွေ မခိုင်လုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဂူရိုကို လီယွန်နယ်မက်ဆီအပါအဝင် အသင်းဖော်ဟောင်းတွေနဲ့ တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။ ပိုဆိုးတာက အဂူရိုကို စပိန်အသင်းရဲ့ ကမ့်ကလာရောက်လည်ပတ်ခဲ့ပြီး ဘာအထောက်အထားမှာ မတောင်းပဲ ဝင်ခွင့်ပေးခဲ့တာကြောင့် အခြေအနေတွေက ပိုဆိုးလာခဲ့ပါတယ်။

အဆိုပါ ကိစ္စနဲ့ ပက်သက်ပြီးတော့ အဂူရိုက “ကျွန်တော်နိုင်ငံအသင်းနဲ့ ခုထိမတွေ့ရသေးပါဘူး။ ဘယ်ရှုထောင့်ကကြည့်ကြည့် ဒါကြီးကတော်တော်ထူးဆန်းတဲ့ အခြေအနေပါပဲ။ ကျွန်တော့်ကို ကျွန်တော့်သူငယ်ချင်းတွေနဲ့ တွေ့ချင်ရင် အထောက်အထားတွေပြဖို့ ပြောတယ်ဗျာ။ ကျွန်တော့်အတွက် တော်တော်ကြီးကို ထူးဆန်းတဲ့ကိစ္စဖြစ်နေတယ်၊ ကျွန်တော်ဒီနေရာထိရောက်ဖို့ ၃ ရက် ၄ ရက်လောက် ကြိုစောင့်နေရတာလေ။ ကျွန်တော်လည်း ဒီဆုံးဖြတ်ချက်က အထက်ကလာတာလားလို့ မေးလိုက်တယ်။ ဒါပေမယ့် တခြားဝင်ခွင့်ရနေတဲ့သူတွေကိုလည်း ကျွန်တော်တွေ့ခဲ့တယ်။ ဘာအထောက်အထား တောင်းတာလဲဆိုတာကိုလည်း မြန်မြန်ဆန်ဆန်မပြောနိုင်ဘူး”

“ကျွန်တော်ကိုယ်တိုင်က လက်ရွေးစင်ကစားသမား တစ်ယောက်ဖြစ်ခဲ့တာပါ၊ ကျွန်တော်ကိုယ်တိုင်ကပဲ အထောက်အထား တစ်ခုမဟုတ်ဘူးလား။ ကျွန်တော်ကဘာတွေ ထပ်ပြရဦးမှာလဲ၊ ပြီးတော့ ဒီကို အနှောင့်အယှတ်ပေးဖို့ လာတာလည်း မဟုတ်ဘူး။ ကျွန်တော်ကတော့ ကိုယ်လုပ်ချင်တာကို အပြီးသတ်ဖို့ စောင့်နေဦးမှာပါ။ ကျွန်တော်အစောကြီးကတည်းက သွားပြီး သူတို့ကို ဆုတောင်းပေးမလို့ပါပဲ။ အခြေအနေကဖြစ်တောင့်ဖြစ်ခဲပါ။ ကိုယ်လည်းဘယ်သူ့အပေါ်မှာမှ အမှားမလုပ်ထားပဲနဲ့။ ကျွန်တော်အမြဲတမ်း ကိုယ်ကျင့်တရားကောင်းအောင်နေပါတယ်။ မကောင်းပြောခံရတာကို မကြိုက်တဲ့လူတွေ ရှိပုံပဲ။ အခုကိစ္စကတော့ ကျွန်တော့်ကို တော်တော်စိတ်ပျက်စေတယ်၊ ကျွန်တော့်အသင်းဖော်ဟောင်းတွေအတွက် ကံကောင်းပါစေလို့ ဆုတောင်းပါတယ်။ ကျွန်တော့်ကို မသွားစေချင်ဘူးဆိုလည်း အားလုံးအဆင်ပြေပါတယ် ဒါပေမယ့် ကျွန်တော့် မျက်နှာကို ကြည့်ပြီးတော့ ပြောဖို့လိုပါတယ်။ ကျွန်တော့်ကို စပိန်အသင်းကတောင် ဖိတ်ပါသေးတယ်၊ ကိုယ့်အသင်းဖော်တွေကိုတောင် တွေ့ခွင့်မရတာကတော့ တော်တော်လေးဆိုးပါတယ်။ AFA က တစ်ယောာက်ယောက်ရဲ့ စကားကို ကြားချင်ပါတယ်၊ တစ်ခုခုတော့ လာပြောပြပါ”လို့ ပြောခဲ့ပါတယ်။

အဂူရိုဟာ အာဂျင်တီးနားနည်းပြ အဖွဲ့ဝင်တစ်ယောက်အဖြစ် နည်းပြလီယွန်နယ်စကာလိုနီနဲ့အတူ လိုက်ပါလာမယ်လို့ ယူဆခဲ့ပေမယ့် ထင်သလိုမဖြစ်လာခဲ့ပါဘူး။

#အဂူရို #အာဂျင်တီးနား #၂၀၂၂ကမ္ဘာ့ဖလား #gossip