ရှေ့သို့
Image

ဘာစီလိုနာ အတွက် ကစားပေးချင်ကြောင်း ချဲလ်ဆီးစတား ဝန်ခံပြောကြား

9:47 AM, 1 December

ချဲလ်ဆီးအသင်း နောက်ခံလူ ကူကူရယ်လာက ဘာစီလိုနာအတွက် ကစားပေးချင်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ကူကူရယ်လာဟာ နွေရာသီတုန်းက ဘရိုက်တန်ကနေ ပေါင် ၆၃ သန်းနဲ့ ချဲလ်ဆီးကိုပြောင်းလာခဲ့တာဖြစ်ပြီး ၁၈ ပွဲပါဝင်ကစားပေးထားတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်သားဟာ  ချဲလ်ဆီးကိုမပြောင်းခင် မန်စီးတီးအသင်းက ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ လက်ရှိချဲလ်ဆီးကတော့ အဆင့် ၈ နေရာမှာ ရပ်တည်နေကာ ရုန်းကန်နေရပြီး ကမ္ဘာ့ဖလားကြောင့် ခတ္တရပ်နားထားတာဖြစ်ပါတယ်။ ဘိုဟီလေချဲလ်ဆီးအသင်းကို ဝယ်ယူပြီးနောက် နွေရာသီတုန်းက ပေါင်သန်း ၂၈၀ နီးပါးအထိ အသုံးပြုထားခဲ့သလို နည်းပြနေရာမှာလည်း တူချယ်အစား ပေါ်တာကိုပြောင်းလဲထားခဲ့ပါတယ်။

ဒါ့အပြင် ကူကူရယ်လာရဲ့လက်ရှိစွမ်းဆောင်ရည်ကိုလည်း ဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။ “ကူကူရယ်လာတစ်ယောက် ချဲလ်ဆီးမှာ ဘာလုပ်နေလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး။ သူက စပိန်အတွက်လည်း ကစားခွင့်မရသလို ချဲလ်ဆီးပွဲထွက်လူစာရင်းမှာ မပါဝင်ပါဘူး”လို့ ဂါးလက်စ်က ပြောကြားခဲ့ပါတယ်။

ကူကူရယ်လာကကတော့ လာမယ့်ဒီဇင်ဘာ ၂၇ ရက်နေ့မှာပြန်စမယ့် ရာသီဝက်မှာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်နေပြီး တစ်နေ့မှာ ဘာစီလိုနာအတွက် ကစားပေးချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ “ကျွန်တော် ဘာစီလိုနာအတွက် ကစားပေးချင်ပါတယ်။ အဆုံးသတ်တနေ့ အနာဂတ်မှာ အခွင့်အရေးရလာမယ်ဆိုရင် ကျွန်တော် အရမ်းပျော်မိမှာပါ”လို့ ကူကူရယ်လာက ပြောကြားခဲ့ပါတယ်။

စပိန်သားဟာ ဘာစီလိုနာစီနီယာအသင်းအတွက် ၁ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ကာ အဲ့နောက်စပိန်ကလပ်တွေဖြစ်တဲ့ အီဘာ၊ ဂီတာဖေးအသင်းတို့မှာ အငှားထွက်ကစားခဲ့ရပါတယ်။ ဘရိုက်တန်အသင်းထံ ပြောင်းပြီးနောက် ကူကူရယ်လာဟာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပြီး အသင်းကို အဆင့် ၉ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ကာ အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

#ဘာစီလိုနာ #ချဲလ်ဆီး #ကူကူရယ်လာ #ပရီးမီးယားလိဂ်