ရှေ့သို့
Image

မက္ကဆီကိုနဲ့ ပွဲစဉ်မှာ ဆော်ဒီအသင်း အနေနဲ့ သမိုင်းသစ်ရေးထိုးဖို့ တိုက်တွန်းလိုက်တဲ့ နည်းပြ ရီနတ်ဒ်

2:21 PM, 30 November

ဒီနေ့ညပိုင်း၊ မက္ကဆီကိုနဲ့ ရင်ဆိုင်ကစားရမယ့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံး ပွဲစဉ်မှာ ဆော်ဒီအသင်း အနေနဲ့ သမိုင်းဝင်အခွင့်အရေးကို အမိအရဆုပ်ကိုင်ဖို့ နည်းပြရီနတ်ဒ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ခြောက်ကြိမ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဆော်ဒီအသင်းက ဒီနေ့ညပိုင်း၊ မက္ကဆီကိုနဲ့ ပွဲစဉ်မှာ အနိုင်ရလဒ်ကိုဖော်ဆောင်နိုင်မယ်ဆိုရင် အသင်းသမိုင်းတလျှောက် ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ဆီ ဒုတိယအကြိမ် တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားအုပ်စု(C)အဖွင့်ပွဲစဉ်မှာ အာဂျင်တီးနားကို အံ့ဖွယ်အနိုင်ယူခဲ့တဲ့ ဆော်ဒီအသင်းအနေနဲ့ ရမှတ် ၃ မှတ်ရရှိထားပြီး ဂိုးကွာခြားမှုအရ အာဂျင်တီးနားရဲ့နောက် အုပ်စုတတိယနေရာမှာ ရပ်တည်နေပါတယ်။ ဆော်ဒီကို အနိုင်ယူထားတဲ့ ပိုလန်က အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပြီး ရမှတ် ၁ မှတ်သာ ရရှိသေးတဲ့ မက္ကဆီကိုကတော့ အုပ်စုနောက်ဆုံးနေရာမှာ ရောက်ရှိနေပါတယ်။

“ဆော်ဒီအသင်းမှာ မျိုးဆက်ကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဆော်ဒီ လက်ရွေးစင်အသင်းကလည်း ၁၉၉၄ ခုနှစ်ကမ္ဘာ့ဖလားမှာပဲ နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဆော်ဒီကစားသမားတွေ အနေနဲ့ သူတို့ကို ပရိသတ်တွေရဲ့ စိတ်ဆန္ဒထဲမှာ အမြဲတမ်းအမှတ်ရနေဖို့ဆိုရင် သမိုင်းသစ်ရေးထိုးသင့်ပါတယ်။ ဒါမှမဟုတ်ရင်တော့ နောက်နှစ် ၃၀ လောက်အတွင်း သူတို့ကို မေ့ပျောက်သွားပါလိမ့်မယ်။ အသင်းတွေအားလုံးကတော့ အရမ်းကောင်းကြပါတယ်။ ကျွန်တော့်အသင်းကလည်း အုပ်စုနောက်ဆုံးပွဲစဉ် အထိ အခွင့်အရေးတစ်ခုရှိနေပါသေးတယ်။ မက္ကဆီကို အသင်းမှာ ကမ္ဘာ့ဖလားအတွေ့အကြုံ အများကြီးရှိပါတယ်။ ကျွန်တော်တို့ကလည်း ပြိုင်ပွဲမှာဆက်ရှိနေစေဖို့ တိုက်ပွဲဝင်သွားရပါမယ်”လို့ နည်းပြရီနတ်ဒ်က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဆော်ဒီအသင်းမှာ ဒဏ်ရာရပွဲပယ်ပြဿနာတွေကြောင့် မက္ကဆီကိုနဲ့ အရေးကြီးပွဲစဉ်ကို လွဲချော်မယ့် ကစားသမားတွေလည်း ရှိနေပါတယ်။ အသင်းခေါင်းဆောင် အယ်လ်ဖာရက်ဂျ်နဲ့ နောက်ခံအစွန်လူ အယ်လ်ရှာရာနီတို့ဟာ ဒဏ်ရာပြဿနာကြောင့် ဒီပွဲစဉ်ကို လွဲချော်ဖို့ရှိနေသလို အားထားရတဲ့ကွင်းလယ်လူ အယ်လ်မာကီကလည်း အုပ်စုပွဲစဉ်နှစ်ပွဲဆက် အဝါကတ်ထိခဲ့တာကြောင့် အခုပွဲစဉ်မှာ ပွဲပယ်ခံထားရပါတယ်။

ဒီအခြေအနေအပေါ် နည်းပြရီနတ်ဒ်က “ကျွန်တော် အရင်တုန်းကလည်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့မှာ ကစားသမား ၂၆ ယောက်ပါဝင်တဲ့ အသင်း လူစာရင်းတစ်ခုရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းပြီး ဒီနေ့ညပိုင်းပွဲစဉ်မှာ ကမ္ဘာ့ဖလားရှုံးထွက်အဆင့် တက်ရောက်နိုင်ရေး တိုက်ပွဲဝင်သွားရပါမယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #ဆော်ဒီ #မက္ကဆီကို #ရီနတ်ဒ်