ရှေ့သို့
Image

ရော်နယ်ဒိုရဲ့ အပြောင်းအရွေ့အတွက် ငြင်းဆိုမှု ပြုလုပ်လိုက်တဲ့ ဘိုင်ယန်မြူးနစ်

2:13 PM, 30 November

ယခုလအစောပိုင်းမှာ ပီယာမော်ဂန်နဲ့ အင်တာဗျူးအစီအစဉ် ထွက်ပေါ်လာပြီးနောက် ယူနိုက်တက် အသင်းဟာ ရော်နယ်ဒိုကို နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရယူကာ စာချုပ်ဖျက်သိမ်းလိုက်တာကြောင့် ရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ကစားနေပေမယ့် အသင်းလက်မဲ့ ဖြစ်နေပါတယ်။

ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဂျော့ မန်းဒက်စ်ကတော့ နွေရာသီတုန်းက ရော်နယ်ဒိုကို ယူနိုက်တက် အသင်းက ထွက်ခွာကာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွေ့ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဂျာမာန် အသင်း ဘိုင်ယန်မြူးနစ်ကတော့ ထိုစဉ်ကထဲက ရော်နယ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့ပြီး ယခုအထိ ငြင်းဆန်ဆဲ ဖြစ်ပါတယ်။

Sky Sport Germany မှာ ဘိုင်ယန်မြူးနစ်ရဲ့ အမှုဆောင်ချုပ် အိုလီဗာခမ်းက"ကျွန်တော်တို့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ သဘောထားကို ပြောပြပြီးပါပြီ။ ကျွန်တော်တို့ အသင်းက ကစားသမား တွေကို ဘယ်လို အယူအဆနဲ့ ရှေ့ဆက်သွားဖို့ ရှိတယ်ဆိုတာ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ အိုင်ဒီယာ ရှိပြီးသားပါ" "ကျွန်တော်တို့ သူ့ကို အသိအမှတ်ပြုပါတယ်။ ညှိနှိုင်းမှုတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ အားလုံးရော်နယ်ဒိုကို ချစ်ပါတယ်။ ဒါပေမယ့် သူက ကျွန်တော်တို့နဲ့ ကိုက်ညီတဲ့ ကစားသမား မဟုတ်ပါဘူး"လို့ အိုလီဗာခမ်းကဆိုပါတယ်။

ထို့အတူ တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ပတ်သက်လို့လည်း ပြောကြားသွားပါတယ်။ "သူက အရမ်းကောင်းတဲ့ ကစားသမားပါ။ ဒါပေမယ့် တခြား ကစားသမားကောင်းတွေ များစွာရှိနေပါသေးတယ်။ အိုလီဗာခမ်းနဲ့ ဟယ်ရီကိန်းဆိုတဲ့ သတင်းတွေနေရာတိုင်း ဖတ်နေရပါတယ်။ ကျွန်တော်တို့ ကစားသမား အများအပြားအကြောင်း ဆက်စပ်ပြောဆိုဖြစ်ကြပါတယ်။ ဒါပေမယ့် တခြားအသင်းနဲ့ စာချုပ်ရှိနေတဲ့ ကစားသမားအကြောင်း ပြောရတာ အဆင်မပြေပါဘူး။ ကျွန်တော်တို့မှာ ကစားသမားကောင်း အစုအဖွဲ့ ရှိပါတယ်။အဲ့ဒါက လက်ရှိ အချိန်မှာအကောင်းဆုံးပါပဲ"လို့ အိုလီဗာခမ်းက ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ရော်နယ်ဒို #ဘိုင်ယန်မြူးနစ်