နေမာ ဒဏ်ရာအခြေအနေမာက ဘရာဇီးရဲ့ကမ္ဘာ့ဖလား အိပ်မက်ကို ဘယ်လောက်အထိ ထိခိုက်စေလဲဆိုတာကို သီယာဂိုဆေးလ်ဗား ရှင်းပြ
11:31 AM, 30 November
ဘရာဇီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက နေမာဟာ ဘရာဇီး အသင်းရဲ့မရှိမဖြစ်ကစားသမားဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီစတားဟာ ဆားဘီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့အဖွင့်ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်ကို အနိုင်ရရှိခဲ့တဲ့ပွဲအား လွဲချော်ခဲ့ပါတယ်။
ဘရာဇီးအသင်းကတော့ ၂၀၀၂ နောက်ပိုင်းပထမဆုံးအကြိမ် ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲဆက်အနိုင်ရရှိခဲ့တာဖြစ်ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်အသင်းနဲ့ပွဲမှာတော့ ဘရာဇီးအသင်းဟာ ကက်စ်မဲရိုးရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဆေးလ်ဗားက နေမာဟာ ဘရာဇီး အသင်းရဲ့ မရှိမဖြစ်ကစားသမားလို့ အခိုင်အမာဆိုခဲ့ပါတယ်။
“နေမာမပါတာက တော်တော်လေးအကျပ်ရိုက်စေပါတယ်။ သူ့ကိုတစ်သင်းလုံးက လွမ်းနေတာပါ။ သူက အသင်းရဲ့မရှိမဖြစ် ကစားသမားတစ်ဦးပါ”လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။
ဘရာဇီးအသင်းဖော် ဗင်နီဆီးယက်စ်ကလည်း နေမာအကြောင်း အခုလို ပြောကြားလာခဲ့ပါတယ်။ “သူပွဲမလာနိုင်လို့ စိတ်မကောင်းဖြစ်နေပါတယ်။ ပြီးတော့ ခံစားချက်လည်းမကောင်းပါဘူး။ ခြေထောက်အပြင် ဖျားလည်းဖျားနေပါတယ်။ မကြာခင်မှာ သူပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဗင်နီဆီးယက်စ်က ပြောကြားခဲ့ပါတယ်။
နေမာတစ်ယောက် ကြံ့ခိုင်မှုပြည့်ဝလာရင်တောင် အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ကင်မရွန်းနဲ့ပွဲကို ပါဝင်နိုင်ဖွယ်မရှိတာဖြစ်ပါတယ်။ နောက်တဆင့်မှာ ဘရာဇီးအသင်းဟာ ဂါနာ ၊ တောင်ကိုရီးယား ၊ ဥရုဂွေးစတဲ့ အသင်းတစ်သင်းသင်းနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။