ရှေ့သို့
Image

နယူးကာဆယ် တိုက်စစ်မှူး ဝီလ်ဆင်ကို ပွဲကစားခွင့်ပေးဖို့ တိုက်တွန်းမှုတစ်ခု ရရှိခဲ့တဲ့ နည်းပြ ဆောက်ဂိတ်

4:39 PM, 28 November

အဲဗာတန်နဲ့ ဝေးလ်လက်ရွေးစင် ကစားသမားဟောင်း အက်ရှ်လေဝီလျံစ်က အခုကာတာကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပွဲကစားခွင့်ရရှိဖို့ ဝီလ်ဆင် ဘာကြောင့်ရုန်းကန်နေရသလဲဆိုတာ သေချာမသိဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ဆောက်ဂိတ်ရဲ့အသင်းမှာ ဟယ်ရီကိန်းရဲ့ အရန်လူအဖြစ် ကာတာနိုင်ငံမှာ ကျင်းပတဲ့ပြိုင်ပွဲဆီ ရောက်ရှိလာခဲ့တာပါ။ ဝီလ်ဆင်က အီရန်ကို ၆-၂ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ လူစားဝင်ကစားပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် အမေရိကန်နဲ့ပွဲစဉ်မှာတော့ ပါဝင်ကစားခွင့် မရရှိခဲ့ပါဘူး။

BBC ရဲ့ ပွဲပြီးသုံးသပ်ချက်အစီအစဉ်မှာ ဝေးလ်ကပ္ပတိန်ဟောင်း ဝီလျံစ်က “အရန်ခုံမှာထိုင်နေတဲ့ ဝီလ်ဆင်က ဒီကမ္ဘာ့ဖလားမှာ မိနစ်ဘယ်လောက်အထိ ငါကစားခွင့်ရမလဲလို့ တွေးနေမှာ သေချာပါတယ်။ ဟယ်ရီကိန်းက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေအနက် တစ်ဦးဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြသလို အငြင်းပွားစရာလည်း မရှိပါဘူး။ ဒါပေမယ့် အမေရိကန်နဲ့ပွဲစဉ်က ဟယ်ရီကိန်းအတွက် ကောင်းမွန်တဲ့ပွဲစဉ်တစ်ခု မဖြစ်လာခဲ့သလို သူ့ကိုကြည့်ရတာ ပင်ပန်းနွမ်းနယ်နေပုံ ရပါတယ်။ မိနစ် ၉၀ အတွက် ဆက်စပ်စဉ်းစားရမယ့်အချိန်မှာ ဒါက အင်္ဂလန်အတွက် ကောင်းမွန်တဲ့အချက်တစ်ခုလို့ ကျွန်တော်ထင်ပါတယ်”လို့ ဆွေးနွေးခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် ၂ ပွဲကစားပြီးချိန်မှာ အင်္ဂလန် အသင်းက ရမှတ်လေးမှတ်နဲ့ အုပ်စု(B)ရဲ့ ထိပ်ဆုံးနေရာမှာရှိနေပြီး ဝေးလ်နဲ့ရင်ဆိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနိမ့်ဆုံးသရေကစားနိုင်မယ်ဆိုရင် ၁၆ သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာဖြစ်ပါတယ်။

#ဆောက်ဂိတ် #နယူးကာဆယ် #ဟယ်ရီကိန်း #၂၀၂၂ကမ္ဘာ့ဖလား #ဝေးလ် #ဝီလ်ဆင်