ရှေ့သို့
Image

ယူကရိန်းနေမာလို့ နာမည်ကြီးနေတဲ့ မူဒရစ်ခ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ အာဆင်နယ်

3:00 PM, 28 November

အာဆင်နယ်အသင်းဟာ ရှက်တာဒိုးနက်စတား မူဒရစ်ခ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်သားကို ကလပ်အသင်းတော်တော်များများက ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဒီရာသီရှက်တာအတွက် ၁၂ ပွဲမှာ ၇ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ရှက်တာဘက်က ပေါင်သန်း ၉၀ လောက်တောင်းဆိုနေပေမယ့် မယ်ရာသတင်းဌာနက အာဆင်နယ်အနေနဲ့ ပေါင်သန်း ၄၀ အပြင် ထပ်ဆောင်းအပိုဆုကြေးတွေနဲ့ ကမ်းလှမ်းမယ်ဆိုရင် ခေါ်ယူနိုင်ဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

မူဒရစ်ခ်ကတော့ ရှက်တာဘက်က တောင်းဆိုတဲ့တန်ကြေးကို စိတ်ပျက်ကြောင်း အခုလိုပြောကြားခဲ့ပါတယ်။ “ကျွန်တော့်တန်ကြေးကို သိလိုက်ရချိန်မှာ တော်တော်လေးရှော့ခ်ရခဲ့ပါတယ်။ ကျွန်တော့်စိတ်ပျက်မှုကို မဖုံးထားချင်ပါဘူး။ ဒီလိုအမောင့်မျိုးနဲ့ ကျွန်တော့်လို ကစားသမားမျိုးကို ခေါ်ချင်မှာမဟုတ်ပါဘူး။ ကျွန်တော့်အိပ်မက်က သေဆုံးသွားပြီလို့ မပြောချင်ပါဘူး။ ဒါပေမယ့် ထိခိုက်မှုတော့ရှိပါတယ်။ အဲ့တာက သေချာပါတယ်။ ရှက်တာနဲ့ ကာလရှည်စာချုပ်သက်တမ်း ရှိနေပါသေးတယ်။ ကျွန်တော့်အားအင်တွေအကုန်လုံးကို ရှက်တာအတွက် ပေးဆပ်သွားမှာပါ။ ဒါပေမယ့် ကစားသမားတိုင်းက ထိပ်တန်းအသင်းမှာ ကစားချင်ကြပါတယ်”လို့ မူဒရစ်ခ်က ပြောကြားခဲ့ပါတယ်။

အာတီတာရဲ့အသင်းကို မူဒရစ်ခ်ရောက်လာမယ်ဆိုရင် ချန်ပီယံဆုအတွက် စိန်ခေါ်လာနိုင်မှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ ၁၄ ပွဲမှာ ၁၂ ပွဲအထိ အနိုင်ရရှိထားပြီးမန်စီးတီးကို ၅ မှတ်ဖြတ်ဦးဆောင်ထားနိုင်ပါတယ်။ မူဒရစ်ခ်အပြင် အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းအတွက် ဒန်နီလိုကိုခေါ်ယူဖို့ ချိတ်ဆက်နေကာ ၁၉ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ပစ်မှတ်ထားနေပါတယ်။

#အာတီတာ #အပြောင်းအရွှေ့ #ရှက်တာဒိုးနက် #မာဒရစ်ခ်