ရှေ့သို့
Image

ကမ္ဘာ့ဖလားမှာ နေမာ နောက်တစ်ကြိမ်ပြန်ကစားနိုင်မယ်လို့ ယုံကြည်နေတဲ့ ဘရာဇီးနည်းပြ တီတီ

10:42 AM, 28 November

ဆားဘီးယားအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သော်လည်း နေမာဟာ ဘရာဇီးအတွက် ပြန်ကစားနိုင်မယ်လို့ နည်းပြတီတီက မျှော်လင့်နေတုန်းဖြစ်ပါတယ်။

"ကျွန်တော့်ကို တစ်ခုတော့ ပြောခွင့်ပြုပါ၊ နေမာနဲ့ ဒန်နီလိုတို့က ကမ္ဘာ့ဖလားမှာ ပြန်ကစားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဆေးပညာအရ ဒီလိုအနေအထားကို ကျွန်တော်က ပြောတက်တဲ့ သူတော့မဟုတ်ပါဘူး။ ကျွန်တော့်ဆီမှာ သူတို့ရဲ့ ဆေးစစ်ချက် ဆေးမှတ်တမ်းတွေရှိပါတယ်" လို့ တီတီက သတင်းထောက်တွေကို ပြောပါတယ်။

တနင်္လာနေ့မှာ ကစားမယ့် ဘရာဇီးရဲ့ ဒုတိယပွဲဖြစ်တဲ့ ဆွစ်ဇာလန်နှင့် ပွဲကို အဆိုပါ ၂ ဦးစလုံးက လွဲချော်မှာဖြစ်ကြောင်း ဘရာဇီးအသင်းရဲ့ ဆရာဝန် ရိုဒရီဂိုလက်စ်မာက သောကြာနေ့မှာ အတည်ပြုထားပါတယ်။ ဆားဘီးယားနှင့်ပွဲမှာ ပီအက်စ်ဂျီတိုက်စစ်မှုးဟာ ပြစ်ဒဏ်ကျုးလွန်မှု ၉ ကြိမ်အထိ ခံခဲ့ရပြီး ရစ်ချာလီဆန်ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူပြီးနောက်မှာတော့ နည်းပြဟာ နေမာကို လူစားလဲခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၆၆ မိနစ်တွင် ပြိုင်ဘက်ကစားသမား နီကိုလာ မီလန်ကိုဗစ်ရဲ့ခြေထောက်နှင့် ထိခိုက်မိပြီးနောက် နေမာဟာ ခြေကျင်းဝတ်နာကျင်ခဲ့ပုံရပြီး နောက်ပိုင်းမှာ တိုက်စစ်မှုးရဲ့ ခြေကျင်းဝတ် ယောင်ကိုင်းနေတဲ့ ပုံက ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ပီအက်စ်ဂျီ အသင်းဖော်ဖြစ်တဲ့ မာကွင်ဟိုကလည်း တိုက်စစ်မှုးရဲ့ အခြေအနေကို အောက်ပါအတိုင်း ပြောထားပါတယ်။

"အားလုံးသိတဲ့အတိုင်း ဒီလိုအနေအထားကို ဖြတ်ကျော်ဖို့ အချိန်လိုအပ်ပါတယ်။ ဒဏ်ရာ ရရှိခဲ့ပြီးနောက် နေမာက ဝမ်းနည်းခဲ့ရကာ သူဟာ ကမ္ဘာ့ဖလားအတွက် အများကြီးအိပ်မက် မက်ထားသူဖြစ်ပါတယ်။ အခုတော့ သူက ဒဏ်ရာရရှိနေပြီး ဘာတွေလုပ်ရမလဲဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဒီနေ့မှာတော့ စမ်းသပ်မှုတွေ၊ ကုသမှုတွေ လုပ်ခဲ့ပြီး သူဟာ ကုထုံးခံယူမှုကို ၂၄ နာရီလုံး ပြုလုပ်နေပါတယ်။ အချိန်ဘယ်လောက်အထိ ကြာမလဲဆိုတာ ကျွန်တော်တို့ မသိသေးပါဘူး။ သူပြန်ကောင်းလာဖို့ကိုသာ ကျွန်တော်တို့ ဆုတောင်းနေပါတယ်" "သူက အရမ်းကိုအာရုံစိုက်ထားပါတယ်၊ အရင်က ကျွန်တော်ပြောထားသလိုပဲ သူဟာ ကုထုံးခံယူမှုကို ပြုလုပ်နေတာကြောင့် မြန်နိုင်သလောက် မြန်မြန်ပြန်ကစားနိုင်မှာဖြစ်ပါတယ်" "အချိန်ဘယ်လောက်ကြာမလဲဆိုတာ ကျွန်တော်လည်းမသိပါဘူး၊ ဒါပေမဲ့ သူ့ရဲ့စိတ်ဓာတ်က အကောင်းဆုံး အနေအထားမှာရှိဖို့က အရေးကြီးပါတယ်။ ဒန်နီလိုကိုလည်း သူ့လို့ တွေးမိပါတယ်" လို့ မာကွင်ဟိုက ပြောပါတယ်။

ဘရာဇီးဟာ နောက်ထပ်တစ်ပွဲအဖြစ် တနင်္လာနေ့မှာ ဆွစ်ဇာလန်နှင့် ကစားရမှာဖြစ်ပါတယ်။

#တီတီ #ဘရာဇီး #နေမာ #၂၀၂၂ကမ္ဘာ့ဖလား #ဆားဘီးယား