ရှေ့သို့
Image

၈၉ ရက်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ဘုန်းမောက် နည်းပြသစ် ဖြစ်လာတဲ့ ဂယ်ရီအိုနေးလ်

10:10 AM, 28 November

ဘုန်းမောက်အသင်း ယာယီနည်းပြအဖြစ် ၈၉ ရက်ကြာ ကိုင်တွယ်ခဲ့တဲ့ ဂယ်ရီအိုနေးလ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အသက် ၃၉ နှစ်သားဟာ ယာယီနည်းပြအဖြစ် ၈၉ ရက်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းနဲ့ ၁၈ လစာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ဘုန်းမောက် အသင်းကို အိုနေးလ်အနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေနဲ့အတူ ထပ်မံဆွဲတင်နိုင်မယ်ဆိုရင် နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့်လည်းပါရှိတာဖြစ်ပါတယ်။

အိုနေးလ်အတွက် ပထမဆုံးနည်းပြဘဝဖြစ်လာခဲ့ပြီး ဘုန်းမောက်ကို ၂၀၂၁ ဖေဖော်ဝါရီတုန်းက ပြောင်းလာခဲ့တာဖြစ်ကာ စကော့တ်ပါကားထွက်ခွာပြီးနောက် သြဂုတ်လတုန်းက ယာယီနည်းပြ ဖြစ်လာခဲ့ပါတယ်။ အိုနေးလ် ကိုင်တွယ်တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၄ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

“ဂယ်ရီက ယာယီနည်းပြဘဝမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဘုတ်အဖွဲ့ကလည်း အဲ့တာကို သဘောကျတာကြောင့် အမြဲတမ်းနည်းပြ ခန့်အပ်ခဲ့တာပါ။ ကျွန်တော်တို့ အခုလိုလုပ်ဆောင်မှုကို သဘောကျသလို သူကလည်း အသင်းဆီရောက်လာပြီးကတည်းက အကောင်းဆုံးလုပ်ဆောင်ခဲ့ကာ ရလာတဲ့အခွင့်အရေးကို အသုံးချနိုင်ခဲ့ပါတယ်။ ပြီးတော့ အလုပ်ကိုလည်း မမောမပန်းလုပ်နိုင်သလို အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာလည်း စွမ်းဆောင်ရည်ကောင်းနဲ့ ရလဒ်ကောင်းတချို့ထွက်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲဗာတန်ကို အနိုင်ရရှိတဲ့ ပွဲမှာလည်း ပရိသတ်တွေရဲ့ထောက်ခံမှုရရှိခဲ့ပါတယ်။ အခုလိုစွမ်းဆောင်ရည်တွေကြောင့် ကျွန်တော်တို့ ဆက်လက်လက်တွဲဖြစ်တာပါ”လို့ ဘုန်းမောက်အမှုဆောင် နေးလ်ဘလိတ်က ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်ဟာ လိဒ်နည်းပြဟောင်း ဘီယဲလ်ဆာနဲ့စကားပြောနေပြီး အိုနေးလ်အခြေအနေက မသေချာသေးတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ၄ ပွဲဆက် အရေးနိမ့်ခဲ့တာကြောင့် အိုနေးလ်တစ်ယောက် ဖိအားတွေ များခဲ့ပေမယ့် အဲဗာတန်ကိုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ တန်းဆင်းဇုန်နဲ့ ၃ မှတ် အကွာမှာ ရပ်တည်နေပါတယ်။

အိုနေးလ်က အကောင်းဆုံး လုပ်ဆောင်နေပေမယ့် ဘုန်းမောက်အသင်းဟာ ဒီရာသီတန်းဆင်းဖို့ ရေပန်းအစားဆုံး ဖြစ်နေဆဲဖြစ်ပါတယ်။ ဘုန်းမောက်ကို လက်စ်ဗီးဂတ်သူဌေး ဖော်လေက ဝယ်ယူဖို့ ပြင်ဆင်နေကာ လာမယ့်အပတ်တွေမှာ အတည်ဖြစ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

#ဘုန်းမောက်လ် #ပရီးမီးယားလိဂ် #အိုနေးလ်