ရှေ့သို့
Image

ဒူးဒဏ်ရာရရှိပြီးနောက် ကစားသမားဘဝအနားယူဖို့ ဆုံးဖြတ်ဖွယ်ရှိတဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်

10:01 AM, 27 November

ပြင်သစ်လက်ရွေးစင်နောက်ခံလူ၊ ဘိုင်ယန်မြူးနစ်ကစားသမား လူးကပ်စ်ဟာနန်ဒက်ဇ်ဟာ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရရှိပြီးနောက် အသက်-၂၆ နှစ်အရွယ်မှာပဲ ဘောလုံးသမားဘဝအနားယူဖို့ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။

လူးကပ်စ်ဟာနန်ဒက်စ်ဟာ လက်ရှိချန်ပီယံပြင်သစ်အသင်းရဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းလူစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး ပြင်သစ်အသင်းရဲ့ သြစတြးလျနဲ့ရင်ဆိုင်ရတဲ့ အုပ်စုအဖွင့်ပွဲစဉ်အတွက် ပွဲထွက်ကစားခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၃ မိနစ်မှာ လူးကပ်စ်ဟာနန်ဒက်စ်ဟာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီးနောက် သူ့ရဲ့အမွှာညီအစ်ကို သီယိုဟာနန်ဒက်ဇ်နဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ သြစတြေးလျနဲ့ပွဲစဉ်မှာ ပြင်သစ်က ဂျီရော့ဒ်၊ ရာဘီယော့၊ မက်ပီတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပြင်သစ်အခြေစိုက်နာမည်ကြီးသတင်းဌာန L’Equipe ရဲ့အဆိုအရ လူးကပ်စ်ဟာနန်ဒက်စ်ဟာ သြစတြေးလျနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိပြီးနောက် အသက်-၂၆ နှစ်အရွယ်မှာပဲ ဘောလုံးသမားဘဝကို အနားယူဖို့ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူ့ရဲ့အမေကပဲ ဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ နားချနေတယ်လို့ သိရပါတယ်။

သီယိုဟာနန်ဒက်ဇ်ကလည်း သူ့ရဲ့အမွှာညီအစ်ကိုအပေါ် အားပေးမှုကိုပြသတဲ့အနေနဲ့ Twitter လူမှုကွန်ရက်မှတဆင့် “ ခက်ခဲတဲ့အခြေအနေဆိုပေမယ့် ကြံ့ကြံ့ခံရပ်တည်နေလိုက်ပါ အစ်ကိုရာ။ အရင်ကထက်တောင် ပိုသန်မာပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဟာနန်ဒက်ဇ်ညီအစ်ကိုနှစ်ဦးဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာကြောင့် သူတို့ရဲ့မိသားစုတစ်ခုလုံး ဂုဏ်ယူဝမ်းမြောက်ခဲ့ကြောင်း ယခင်က ဖွင့်ပြောခဲ့ဖူးပါတယ်။

လူးကပ်စ်ဟာနန်ဒက်ဇ်က “ကလေးဘဝကတည်းက ဒီလိုအိပ်မက်မျိုး မမက်ခဲ့ဖူးပါဘူး။ ဒါက တကယ့်ကိုထူးခြားလှပြီး မယုံနိုင်စရာပါပဲ။ မိသားစုတစ်ခုလုံးအတွက် တကယ့်အခိုက်အတန့်လေးပါပဲ” လို့ ထုတ်ပြောခဲ့သလို သီယိုဟာနန်ဒက်ဇ်ကလည်း “ ကျွန်တော့်အစ်ကိုနဲ့အတူ ဒီမှာရှိနေရတာ ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ရဲ့အမေ၊ ကျွန်တော်တို့ရဲ့အဖိုးနဲ့ တစ်မိသားစုလုံး အရမ်းပျော်ရွှင်နေကြပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။

လူးကပ်စ်ဟာနန်ဒက်ဇ်ရဲ့ ကာတာကမ္ဘာ့ဖလားခရီးစဉ်ဟာ အချိန်မတန်ခင်မှာဘဲ ပြီးဆုံးခဲ့ရပေမယ့် သူ့ရဲ့အမွှာညီအစ်ကို သီယိုဟာနန်ဒက်ဇ်ကတော့ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေဆဲ ဖြစ်ပါတယ်။

#ပြင်သစ် #ဟာနန်ဒက်ဇ် #၂၀၂၂ကမ္ဘာ့ဖလား