ရှေ့သို့
Image

ဘရာဇီးဆယ်ကျော်သက်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ထုတ်ပြောလိုက်တဲ့ နည်းပြဇာဗီ

9:46 AM, 27 November

ဥရောပထိပ်သီးကလပ်အသင်းတွေရဲ့ စောင့်ကြည့်ခံနေရတဲ့ ဘရာဇီးဆယ်ကျော်သက်ကြယ်ပွင့် အန်းဒရစ်ခ်ကို ခေါ်ယူဖို့ ကတ္တလန်ကလပ်အသင်းအနေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဘာစီလိုနာနည်းပြဇာဗီက အတည်ပြုပြောဆိုခဲ့ပါတယ်။

အသက်-၁၆ နှစ်အရွယ်သာရှိသေးတဲ့ ပါမီးရက်စ်တိုက်စစ်မှူးကို ခေါ်ယူဖို့ ဥရောပထိပ်သီးကလပ်တွေဆီက ချိတ်ဆက်မှုတွေ ရှိနေခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက သူတို့ရဲ့ ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းမှာ အန်းဒရစ်ရဲ့မိသားစုတွေကို ဧည့်ခံခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

ESPN သတင်းဌာနနဲ့ တွေ့ဆုံချိန် ဘာစီလိုနာနည်းပြဇာဗီက “ကျွန်တော်တို့ အန်းဒရစ်ခ်ရဲ့ဖခင်ဖြစ်သူနဲ့ ဆွေးနွေးမှုတွေရှိခဲ့သလို အန်းဒရစ်ခ်နဲ့လည်း စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ဘာစီလိုနာရဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ရှင်းပြခဲ့ပါတယ်။"

"ကျွန်တော်တို့ အရည်အချင်းရှိတဲ့ကစားသမားတွေ အလိုရှိပါတယ်။ အန်းဒရစ်က ခြားနားမှုတွေ လုပ်နိုင်တဲ့ အရည်အသွေးရှိတဲ့ ကစားသမားပါ။ သူ့မှာ ကောင်းမွန်တဲ့ အဆုံးသတ်စွမ်းရည်၊ တစ်ဦးချင်းကျော်ဖြတ်နိုင်မှုနဲ့ ဘောလုံးကွင်းထဲမှာ ကွဲပြားမှုတစ်ခုလုပ်နိုင်စွမ်းရှိတဲ့ အရည်အသွေးတွေ ရှိပါတယ်။"

"အန်းဒရစ်ခ်က ဘရာဇီးလိဂ်မှာ ကစားနေပါပြီ။ သူက လက်ရှိမှာရော၊ အနာဂတ်မှာပါ ဘောလုံးသမားတစ်ဦးအဖြစ် ရှိနေမယ့်သူပါ” လို့ ပြောဆိုခဲ့ပါတယ်။

အန်းဒရစ်ခ်က ဆော်ပေါ်လိုမြို့အခြေစိုက်ကလပ်အတွက် ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ပွဲဦးထွက်ပါဝင်ကစားပေးပြီးနောက် ကလပ်အသင်းသမိုင်းတလျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူက အသင်းအတွက် ၆ ပွဲကစား၊ ၃ ဂိုးအထိ သွင်းယူပေးထားပါတယ်။

ဘရာဇီးကြယ်ပွင့်ကစားသမားလေးအနေနဲ့ သူ့ရဲ့နောင်တော်ကစားသမားတွေလိုပဲ ဥရောပမြေဆီ ထွက်ခွာဖို့ ဆန္ဒရှိနေပေမယ့် အသက်-၁၈ နှစ်မပြည့်ခင် ပြောင်းရွှေ့နိုင်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။

“ အန်းဒရစ်ခ်က ကျွန်တော်တို့လိုချင်တဲ့ ကစားသမားမျိုးပဲ။ ဘာစီလိုနာအသင်းရဲ့ စီမံကိန်းတွေကို သူသိရှိထားပြီး ကျွန်တော်တို့လည်း ဒါကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။"

"သူ့ကို ဘာစီလိုနာကစားသမားဖြစ်လာဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါက သူ့အပေါ်မှာပဲ မူတည်နေတာပါ။ ဒီလိုမျိုးကိစ္စတွေက ကစားသမားတွေနဲ့ပဲ သက်ဆိုင်တာလေ။ ပုံမှန်အနေအထားတစ်ရပ်မှာ ကစားသမားတွေက သူကစားချင်တဲ့ကလပ်အသင်းဆီမှာပဲ ကစားကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စက အန်းဒရစ်ခ်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ဖြစ်လာပါလိမ့်မယ်” လို့ ဇာဗီက ဆက်လက်ပြောဆိုခဲ့ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ အန်းဒရစ်ခ်