ရှေ့သို့
Image

အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမား မန်ဒီဘက်ကနေ ကာကွယ်ပြောဆိုလိုက်တဲ့ ကူလီဘာလေ

1:54 PM, 25 November

ဆီနီဂေါ အသင်းရဲ့ နယ်သာလန်အသင်းနဲ့အဖွင့်ပွဲစဉ်မှာ အမှားကျူးလွန်ခဲ့တဲ့ ချဲလ်ဆီးအသင်းဖော် ဂိုးသမား မန်ဒီဘက်ကနေ ကူလီဘာလေက ကာကွယ်ပြောဆိုလိုက်ပါတယ်။ ပွဲပြီးခါနီးပေးလိုက်ရဲ့ ၂ ဂိုးတွင် မန်ဒီဟာ အမှားကျူးလွန်ခဲ့တာဖြစ်ပြီး ပထမဂိုးဖြစ်တဲ့ ဖြတ်တင်ပေးပို့မှုမှာလည်း ကာကွယ်မှုမလုပ်နိုင်ခဲ့သလို အဲ့ဒီနောက် ဒုတိယဂိုးဖြစ်တဲ့ ပုံမှန်ကန်ချက်မျိုးဖြင့် ကန်ခဲ့တာကိုလည်း မကာကွယ်နိုင်ခဲ့ပါဘူး။

မန်ဒီဟာ ဝေဖန်မှုတော်တော်များများကို ခံနေရသော်လည်း ကူလီဘာကတော့ "လူတွေဟာ ပြဿနာကို မကြီးကြီးအောင် လုပ်နေကြတာပါ" လို့ ပြောထားပါတယ်။ သောကြာနေ့မှာ ကစားမယ့် ကာတာနဲ့ပွဲမှာလည်း မန်ဒီက ပွဲထွက်လာမှာဖြစ်ကြောင်း ဆီနီဂေါနည်းပြ ဆစ်စီက အတည်ပြု ပြောကြားထားပါတယ်။

ဆီနီဂေါအသင်းရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကူလီဘာလေက "ကျွန်တော်တို့ စကားတွေအများကြီး ပြောဖြစ်ကြပါတယ်။ ကျွန်တော်တို့ဟာ ကလပ်တစ်ခုတည်းမှာ ကစားနေကြသူတွေပါ၊ နောက်ပြီး ဆီနီဂေါမှာဆိုရင် ပုခုံးချင်းဖက်ပေါင်းတဲ့ ညီအစ်ကိုတွေပါ။ ကျွန်တော်တို့အတွက် သူဟာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဒီလိုအခက်အခဲတွေကို ဖြတ်ကျော်ရတာကတော့ ပုံမှန်ပါပဲ" "ကာတာနဲ့ပွဲမှာ သူက ဘာလိုအပ်သလဲဆိုတာကို သိပါတယ်။ ကျန်အသင်းသားတွေကလည်း အဲ့ဒီအတိုင်းလုပ်နေကြတာပါ။ အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့အားလုံးက အတူတကွကြိုးစားသွား ကြမှာဖြစ်ပါတယ်"

"အသင်းရှုံးနိမ့်တာက ကစားသမားတစ်ဦးတည်းကြောင့်မဟုတ်ပါဘူး။ တစ်သင်းလုံးအပေါ်မှာလည်း မူတည်နေပါတယ်။ ဒါကိုပြောင်းလဲဖို့ ကျွန်တော်တို့ အားလုံးလုပ်သွားမှာပါ။ အများကြီးလုပ်ရမယ်လို့လည်း မထင်မိပါဘူး။ ကျွန်တော်ကတော့ မစိုးရိမ်ပါဘူး။ နောက်ရက်ကစားမယ့်ပွဲမှာ မန်ဒီက အကောင်းဆုံးအနေအထားမှာ ရှိနေမယ်ဆိုတာ ကျွန်တော်သိပါတယ်" လို့ ပြောပါတယ်။

အာဖရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဆီနီဂေါမှာ ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်မှုး မာနေး ဒဏ်ရာရရှိနေကာ အသင်းအတွက် အကျိုးယုတ်စရာဖြစ်ခဲ့ပါတယ်။ လီဗာပူး ကစားသမားဟောင်းဟာ အသင်းရဲ့ အရေးပါတဲ့ နေရာမှာရှိနေတုန်းဆိုတာကို ကူလီဘာလေက ပြောထားပါတယ်။

"မာနေးက ကျွန်တော်တို့ဆီအမြဲတမ်း စာပို့တယ်၊ ဗီဒီယို Call ခေါ်တယ်။ အသင်းစိတ်ဓာတ်တက်ကြွစေဖို့ အမြဲအားပေးတယ်၊ ကာတာမှာ အသင်းသားတွေနဲ့ အတူမရှိနိုင်ခဲ့တာတောင် သူဟာ အသင်းသားတွေအားလုံးနဲ့ အတူရှိနေသလိုပါပဲ" "ဒါဟာ ကျွန်တော်တို့အတွက် တကယ့်ကိုအရေးပါတဲ့အရာပါပဲ။ ဒါဟာ ကျွန်တော်တို့လိုအပ်နေတဲ့ ဓိတ်ဓာတ်တက်ကြွစေမယ့် အရာပါပဲ။ သူက ကျွန်တော်တို့ကို ဆက်လက်ကူညီအားပေးနေမယ်လို့ မျှော်လင့်မိပါတယ်" "သူ စကားပြောတဲ့အချိန်မှာ ဆီနီဂေါအသင်းသားတွေအားလုံးက နားထောင်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဆိုရင် သူနဲ့နေ့တိုင်း စကားပြောတယ်၊ အဲ့ဒီအတွက်လည်း အရမ်းကို ပျော်မိပါတယ်" လို့ ကူလီဘာလေက ပြောပါတယ်။

သောကြာနေ့မှာ ရှုံးပွဲတွေ့ခဲ့ရတဲ့ ကာတာကတော့ ပြိုင်ပွဲကနေ ထွက်ခွာရဖွယ်ရှိနေပြီး ကမ္ဘာ့ဖလားသမိုင်းမှာ ဘယ်အိမ်ရှင်းအသင်းကမှ ဒီလောက်ကြီး မြန်မြန်ထွက်ခွာသွားရခြင်းမရှိခဲ့ပါဘူး။

ပြိုင်ပွဲမစတင်ခင်မှာ မျှော်လင့်ချက်ကြီးစွာရှိခဲ့သော်လည်း အဖွင့်ပွဲစဉ်မှာ အီကွေဒေါကို ရှုံးနိမ့်ပြီးနောက်မှာတော့ သူ့အသင်းပေါ် မျှော်မှန်းချက်တွေက ကျဆင်းသွားခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဆော်ဒီက အာဂျင်တီးနားကို အနိုင်ရရှိခဲ့ကာ ဂျပန်ကလည်း ဂျာမနီကို အနိုင်ရရှိခဲ့ပြန်ပါတယ်။ အဆိုပါရလဒ်တွေကြောင့် ကာတာကတော့ မနာလိုဖြစ်နေတော့မှာပါလို့ ကွင်းလယ်ကစားသမား အစ္စမယ်မိုဟာမက် ပြောလိုက်ပါတယ်။

"အထူးသဖြင့် ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ အာရပ်အသင်းသားတွေရဲ့ ကစားပုံက ကျွန်တော်တို့ကို မနာလိုဖြစ်စေပါတယ်။ သူတို့လုပ်သလို ကျွန်တော်တို့လည်း လုပ်ချင်ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်ထားပါတယ်။ အားလုံးပေးဆပ်ပြီး ကစားသွားမှာပါ။ ဘယ်အသင်းပဲလာလာ ကျွန်တော်တို့ကတော့ ကွင်းအတွင်းမှာ အားလုံးပေးဆပ်ပြီး သက်သေပြ ကစားသွားမှာဖြစ်ပါတယ်" "ပုံစံကောင်းရရှိဖို့က အရေးကြီးပြီး အားလုံးအတွက် ဂုဏ်ယူစရာဖြစ်လာမှာပါ။ ပထမဆုံးခြေလှမ်းကတော့ ကွင်းအတွင်းမှာ အကောင်းဆုံးကစားဖို့ပဲဖြစ်ပါတယ်။ အသင်းအတွက်ဂုဏ်ယူစရာ ဖြစ်ဖို့ ကျွန်တော်တို့က ကြိုးစားလုပ်ဆောင်သွားမှာပါ။ မနက်ဖြန်ပွဲမှာ ကျွန်တော်တို့ ဘာတွေလုပ်နိုင်သလဲဆိုတာကို ပြသသွားမှာဖြစ်ပါတယ်" လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။

#နယ်သာလန် #ဆီနီဂေါ #မန်ဒီ #၂၀၂၂ကမ္ဘာ့ဖလား #ကူလီဘာလေ