ရှေ့သို့
Image

ရော်နယ်ဒို ထွက်ခွာမှုနှင့် ယူနိုက်တက်အား ရောင်းချမှု အစီစဉ်အပေါ် ပြောကြားလိုက်တဲ့ အေဗရမ်ဂလေဇာ

1:52 PM, 25 November

အသင်းအား ရောင်းချရန်အဆိုပြုထားမှုနှင့် ပတ်သက်ပြီး ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်ဖြစ်သူ အေဗရမ်ဂလေဇာက ဘုတ်အဖွဲ့အနေနဲ့ အဆိုပါကိစ္စကို စိတ်ဝင်စားနေပါတယ်လို့ ပြောထားပါတယ်။

ယူနိုက်တက်အား ၁၇ နှစ်ကြာ ပိုင်ဆိုင်ပြီးနောက်မှာတော့ အသင်းရဲ့ ရှယ်ယာအချို့ ဒါမှမဟုတ် အားလုံးကို ရောင်းချဖို့ ဖြစ်နိုင်ချေရှိနေပါတယ်လို့ အင်္ဂါနေ့မှာ ဂလေဇာမိသားစုက အတည်ပြုလိုက်ပါတယ်။ ထွက်ပေါ်လာမယ့် မည်သည့် ရလဒ်ကိုမဆို ပြန်လည်သုံးသပ်မှုလုပ်မှာဖြစ်တာကြောင့် အရောင်းအဝယ်ဖြစ်မလားဆိုတာကို အာမခံနိုင်မှာ မဟုတ်ကြောင်း ကလပ်ရဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားတာကြောင့် အသင်းအားရောင်းချမှုမှာ သေချာမှုမရှိနေတာပါ။

ဖာဂူဆန်လက်ထက်က ရယူခဲ့တဲ့အောင်မြင်မှုများအတိုင်း ပြန်ဖြစ်ရန် ရုန်းနေရတာကြောင့် ပရိသတ်တွေအနေနဲ့ ကလပ်အားရောင်းချဖို့ ဂလေဇာမိသားစုကို ပြောဆိုထားတာဖြစ်ပါတယ်။ ၂၀၁၂-၁၃ ရာသီကတည်းက ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို ရရှိခဲ့ခြင်းမရှိတော့သလို ၂၀၁၆-၁၇ ရာသီ မော်ရင်ဟိုလက်ထက် EFL ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကိုရရှိခဲ့နောက် မည်သည့် ဖလားကိုမှ မရရှိတော့တာဖြစ်ပါတယ်။

"အင်္ဂါနေ့က ကျွန်တော်တို့ ကြေညာခဲ့သလိုပဲ ဘုတ်အဖွဲ့ဟာ လုပ်ငန်းစဉ်တစ်ခုကို ပြုလုပ်ခဲ့ပြီး မတူညီတဲ့ ဗျူဟာတွေနဲ့ ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ကျွန်တော်တို့ကလည်း လုပ်ဆောင်နေပါတယ်" လို့ အေဗရမ်ဂလေဇာက ပြောပါတယ်။

ကလပ်ရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ရော်နယ်ဒိုရဲ့ ဝေဖန်မှုအပေါ် မေးမြန်းတဲ့ မေးခွန်းကိုတော့ ဂလေဇက တိုက်ရိုက်ဖြေဆိုခြင်းမရှိခဲ့ပါဘူး။ အင်တာဗျူးမှာ လက်ရှိနည်းပြ တန်ဟက်ကို ဝေဖန်ခဲ့သလို အသင်းပိုင်ရှင်တွေက ကလပ်အကြောင်းကို ဂရုမစိုက်ကြပါဘူးလို့ ပြောခဲ့တဲ့ ရော်နယ်ဒိုကို ယူနိုက်တက်က စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါမှတ်ချက်နှင့်ပတ်သက်ပြီး မေးမြန်းခဲ့သော်လည်း ရော်နယ်ဒိုကိုသာ ချီးကျူးပြောဆိုခဲ့ပါတယ်။

"ရော်နယ်ဒိုအကြောင်းကို ပြောရမယ်ဆိုရင် သူဟာ ယူနိုက်တက်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ဦးပါ။ ကလပ်အတွက် သူ့ရဲ့လုပ်ဆောင်ပေးမှုတွေကို ကျွန်တော် အသိအမှတ်ပြုပါတယ်။ အနာဂတ်မှာ သူ့အတွက် ကောင်းဖို့ ဆုတောင်းပါတယ်"လို့ ဂလေဇာက ဝေ့လည်ကြောင်ပတ် ဖြေကြားခဲ့တာပါ။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ပရီးမီးယားလိဂ် #အေဗရမ်ဂလေဇာ