ရှေ့သို့
Image

ခြေချင်းဝတ်ဒဏ်ရာ ရနေတဲ့ နေမာ ကမ္ဘာ့ဖလားမှာ ဆက်ကစားနိုင်လိမ့်မယ်လို့ နည်းပြ တီတီအတည်ပြုပြောဆို

11:32 AM, 25 November

ဒီနေ့မနက်ပိုင်း၊ ဆားဘီးယားနဲ့ပွဲစဉ်အတွင်း နေမာမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပေမယ့် ဘရာဇီးအသင်းအတွက် ကမ္ဘာ့ဖလားမှာ ဆက်ကစားနိုင်လိမ့်မယ်လို့ နည်းပြတီတီက အတည်ပြုပြောဆိုလိုက်ပါတယ်။ ဆားဘီးယားကို ရစ်ချာလီဆန်ရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ပီအက်စ်ဂျီ တိုက်စစ်မှူးမှာ အကြိမ်ကြိမ် လူချကစားခံခဲ့ရတာကြောင့် ပွဲချိန်နှောင်းပိုင်းမှာ ကွင်းအတွင်းမှ ခြေထော့နင်းနဲ့ ထွက်ခွာခဲ့ပြီး အန်တိုနီနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။

ကွင်းဘေးအရန်ခုံတန်းဆီ ရောက်ရှိလာတဲ့ နေမာက မျက်ရည်ဝဲနေဟန်ရှိပြီး သူ့ရဲ့ခြေချင်းဝတ်မှာ ယောင်ကိုင်းနေတဲ့ပုံစံကို တွေ့ရှိခဲ့ရပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းဆရာဝန်လက်စ်မာက နေမာရဲ့အခြေအနေကို နောက်ထပ် ၂၄ နာရီမှ ၄၈ နာရီအတွင်း အကဲဖြတ်လေ့လာမှုအသစ်တစ်ခု လုပ်ဆောင်ရဖို့ ရှိနေသေးတယ်လို့ အတည်ပြုပြောဆိုခဲ့ပေမယ့် နည်းပြတီတီကတော့ သူရဲ့တိုက်စစ်မှူးဟာ အသင်းဆီ ပြန်လာလိမ့်မယ်လို့ အပြတ်ပြောခဲ့ပါတယ်။

“နေမာက ပွဲစဉ်တလျှောက်လုံး နာကျင်မှုကို ခံစားနေခဲ့ရပေမယ့် အသင်းကို ကူညီနိုင်ဖို့ ကွင်းထဲမှာ ဆက်ကစားနေခဲ့ပါတယ်။ ဒါကြောင့် ဒီလိုနာကျင်မှုကို ခံနိုင်ရည်ရှိတဲ့ နေမာက မှတ်သားလောက်စရာပါပဲ။ ဒဏ်ရာရရှိပြီးနောက် ၁၁ မိနစ်လောက် ဆက်ကစားနေခဲ့ပေမယ့် သူဆက်ကစားဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆရချိန်မှာ သူ့ကို လူစားလဲလှယ်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ နေမာ အနေနဲ့ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်ချက်အပြည့်ရှိပါတယ်။ နေမာ ဒဏ်ရာရရှိခဲ့တာကို ကျွန်တော်မမြင်လိုက်မိဘူး။ သူ့ရဲ့ ဒဏ်ရာအပေါ်ကျော်ဖြတ်နိုင်စွမ်းရှိတဲ့ စွမ်းရည်က ကျွန်တော့်ကို လှည့်စားခဲ့တာပါ။ အခုကျမှ ဗီဒီယိုထဲမှာ ပြန်ကြည့်ခဲ့ရပါတယ်။ သူက ဘောလုံးနဲ့အတူ ကျော်ဖြတ်ဆွဲပြေးတဲ့အချိန် ဒီဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ဒုတိယ သွင်းဂိုးမှာဆိုရင်လည်း နေမာက ဒဏ်ရာရနေပေမယ့် ဘောလုံးကို ရအောင်ထိန်းခဲ့တယ်ဆိုတာ ခင်ဗျားတို့ မြင်တွေ့ရမှာပါ”လို့ ထိထိက ပြောပါတယ်။

#တီတီ #ဘရာဇီး #နေမာ #၂၀၂၂ကမ္ဘာ့ဖလား #ဆားဘီးယား