ရှေ့သို့
Image

ဘရာဇီး အနေနဲ့ အောင်ပွဲ ရယူလိုစိတ်အပြည့်ရှိရမယ်လို့ ထုတ်ပြောလာတဲ့ ဂိုးသမားအီဒါဆန်

4:41 PM, 23 November

ဘရာဇီးလက်ရွေးစင်ဂိုးသမား အီဒါဆန်က သူတို့ရဲ့အသင်းအနေနဲ့ လာမယ့်သီတင်းပတ်တွေမှာ အောင်ပွဲရယူလိုစိတ်အပြည့်ရှိနေမှသာ ကမ္ဘာ့ဖလားချန်ပီယံအိပ်မက်ကို လက်တွေ့ အသက်သွင်းနိုင်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။ နည်းပြတီတီရဲ့အသင်းအနေနဲ့ ၂၀၀၂ ခုနှစ်နောက်ပိုင်း ဘောလုံးလောကရဲ့ အခမ်းနားဆုံးပြိုင်ပွဲမှာ ပထမဆုံးအကြိမ် အောင်ပွဲရယူဖို့ လျှောက်လှမ်းရမယ့် ခရီးလမ်းမှာ ကြာသပတေးနေ့၊ ဆာဘီးယားနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်နဲ့ စတင်ရမှာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘောလုံးပရိသတ်အများစုကတော့ ဒီတစ်ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးကို ဗိုလ်စွဲနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် မန်စီးတီး ဂိုးသမားကတော့ အောင်မြင်မှုကို ရယူဖို့ဆိုရင် အရာအားလုံးကို ပေးဆပ်ပြီး ပန်းတိုင်နဲ့ မျက်ခြေမပြတ်ဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်စွမ်းရှိတဲ့ အသင်းကောင်းတစ်ခုရှိပြီး အောင်မြင်မှုရရှိဖို့လည်း ကြိုးစားနေပါတယ်။ အောင်ပွဲရယူလိုစိတ်လိုမျိုး စိတ်ဓါတ်ပိုင်းတစ်ခု ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဒီနေရာအထိ ရောက်အောင်သွားဖို့၊ ဒီနေရာအထိရောက်အောင် ကြိုးစားသွားဖို့ပဲ အာရုံစိုက်ထားရမှာဖြစ်ပြီး ဒါကပဲ ကျွန်တော်တို့ လုပ်ဆောင်သွားရမယ့် အရာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဆိုတာ ကမ္ဘာ့ဖလားပါပဲ။ ကမ္ဘာ့ဖလားအကြောင်း ပြောဆိုမယ်ဆိုရင် ဒီပြိုင်ပွဲကို ရောက်ရှိလာတဲ့ ကစားသမားတိုင်းရဲ့စိတ်အာရုံထဲမှာ ဆုဖလားကို ကိုင်မြှောက်ဖို့ပဲ စဉ်းစားထားကြတာပါ။ ဒါက ကျွန်တော်တို့နဲ့ ဘာမှမကွာခြားပါဘူး။ ကျွန်တော့်အနေနဲ့ ကမ္ဘာ့ဖလားအကြောင်း တွေးလိုက်မိချိန်တိုင်း ဘရာဇီးအသင်း ဆုဖလားကိုင်မြှောက်တာကိုပဲ မြင်နေမိပါတယ်” လို့ ပြောပါတယ်။

#ဘရာဇီး #အီဒါဆန် #၂၀၂၂ကမ္ဘာ့ဖလား