ရှေ့သို့
Image

ယူနိုက်တက်မှာ ခြေစွမ်းစမ်းသပ်ခံစဉ် ငြင်းပယ်ခံရတဲ့အကြောင်းတွေကို ဖွင့်ဟလာတဲ့ မာတင်နယ်လီ

10:32 AM, 19 November

အာဆင်နယ်စတား မာတင်နယ်လီက ယူနိုက်တက်မှာ ခြေစွမ်းစမ်းသပ်ခံခဲ့စဉ် ငြင်းပယ်ခံရပြီး လမ်းပျောက်ခဲ့ရတဲ့အကြောင်းတွေကို ပြောပြလာခဲ့ပါတယ်။

ဘရာဇီးသားဟာ ၂၀၁၅ခုနှစ်က မန်ချက်စတာကိုလာခဲ့သလို နောက်၂နှစ်အတွင်းမှာလည်း အကြိမ်ပေါင်းများစွာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းလာရောက်စမ်းသပ်ခံခဲ့ပါတယ်။ ယူနိုက်တက်ဘက်က စိတ်ဝင်စားခြင်း မရှိခဲ့တာကြောင့် မာတင်နယ်လီဟာ ဘရာဇီးကို ပြန်လာခဲ့ပြီး အီတူအာနိုနဲ့ ပရောက်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

၂၀၁၉ခုနှစ်မှာတော့ အာဆင်နယ်က မာတင်နယ်လီကို ပေါင်၆သန်းတည်းနဲ့ ဝယ်ယူခဲ့ပါတယ်။
ယခုအချိန်မှာတော့ မာတင်နယ်လီဟာ အာဆင်နယ်အသင်းရဲ့တောင်ပံမှာ အဓိက ကစားသမားအဖြစ် ပါဝင်နေခဲ့ပြီ ဖြစ်ပါတယ်။

မာတင်နယ်လီက "ယူနိုက်တက်မှာ အစီအစဉ်တစ်ခုရှိခဲ့ပါတယ်။ ကျွန်တော် အဲ့ဒီမှာ ခြေစွမ်းစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါက အလုပ်မဖြစ်ခဲ့ပေမယ့် ကျွန်တော် ၄၊ ၅ခါလောက် သွားခဲ့ပါသေးတယ်"
"ယူနိုက်တက်က ဘရာဇီးမှာ ကင်းထောက်အချို့ရှိပြီး သူတို့က ကျွန်တော်ကစားတာကို တွေ့ခဲ့ကာ အဖေနဲ့ ဆွေးနွေးပြီး လေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်" "ဒီတစ်ကြိမ်မှာတော့ ပေါ့ဂ်ဘာ၊ နောက်တစ်ကြိမ်မှာတော့ အီဘရာဟီမိုဗစ်နဲ့ တွေ့ခဲ့ပါတယ်။ ဒါက ကျွန်တော် ၃ကြိမ်မြောက်သွားခြင်းဖြစ်ပြီး သူတို့လိုချင်ရင် ပြောင်းလာမယ်ဆိုပြီး စဉ်းစားခဲ့ပါတယ်"

"အသက်၁၇နှစ်အရွယ်မှာ ကျွန်တော် ယူနိုက်တက်ကို နောက်ဆုံးအကြိမ်သွားခဲ့ပြီး ဘရာဇီးကို ပြန်လာခဲ့ပါတယ်။ သူတို့က ကျွန်တော့ကို မလိုချင်ဘူးလို့ ပြောတာကြောင့် အိမ်ကို ပြန်လာရပါတယ်" "အဲ့ဒါက အရမ်းအရေးကြီးတယ်ထင်ပါတယ်။ ကျွန်တော် ငြင်းခံရပေမယ့် ဒီမှာ ဘောလုံးလောက ဘယ်လိုလုပ်တယ်ဆိုတာ သိသွားပါတယ်။ အဲ့ဒီတော့ ကျွန်တော် အာဆင်နယ်ကို ရောက်လာတဲ့အခါ အဲ့ဒီမှာ အသားကျခဲ့ပါတယ်။ ဒီက ယဉ်ကျေးမှုနဲ့ အလုပ်လုပ်ပုံကို ကျွန်တော် သိထားပြီးပြီလေ"လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာတင်နယ်တီ #ပရီးမီးယားလိဂ်