မူစီယာလာ၊ ဘယ်လင်ဂမ် အပါအဝင် ကာတာကမ္ဘာ့ဖလားမှာ ဘယ်လူငယ်တွေ တောက်ပမှာလဲ
12:44 PM, 18 November
ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့လို ထာဝရအကောင်းဆုံး ကစားသမားကြီးရဲ့ နေဝင်ချိန်နီးကပ်လာမှုနဲ့ အတူ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်လာဖို့ ရှိနေချိန် အခြားတစ်ဖက်မှာတော့ လူငယ်ခြေတက်တွေရဲ့ တောက်မဲ့မီးခဲတရဲရဲ ဖြစ်နေတဲ့ အနေအထားတွေကိုလည်း မြင်တွေ့နေရပါတယ်။
လက်ရှိကမ္ဘာ့ဖလားချန်ပီယံလည်းဖြစ်သလို အသက်ကလည်း အခုမှ ၂၃ နှစ်သာရှိသေးတဲ့ ကီလီယံမက်ပီကတော့ နာမည်အကြီးဆုံး လူငယ်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ယခုနှစ်ကမ္ဘာ့ဖလားမှာ ရွှေရောင်အခွင့်အရေးကို အပိုင်အသုံးချပြီး ကမ္ဘာ့အဆင့်ကို တက်လှမ်းလာကြမယ့် လူငယ်ကြယ်ပွင့်လေးတွေလည်း အများအပြား ရှိနေပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗီနီစီးရပ်စ်ဂျူနီယာဆိုရင် လာလီဂါ ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ် ရရှိထားပြီဖြစ်သလို သူ့အတွက် ပထမဆုံးကမ္ဘာ့ဖလားလည်း ဖြစ်ပါတယ်။ ဘာနေဗျူးမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြနေတဲ့ လူငယ်ကြယ်ပွင့်လေးဟာ ကမ္ဘာ့ဖလားရဲ့ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်လာမယ့်သူအဖြစ်လည်း ထင်ကြေးပေးခံနေရသူဖြစ်ပါတယ်။
စပိန်ကွင်းလယ်လူ ပက်ဒရီကတော့ ပြိုင်ပွဲပထမအပတ်ကျမှ အသက် ၂၀ ပြည့်မယ့်သူဖြစ်ပေမယ့် စပိန်အသင်းရဲ့ အဓိက ကစားသမား တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ အသက်နဲ့မလိုက်အောင် ကောင်းမွန်လှတဲ့ ခြေစွမ်းနဲ့ ပါးနပ်မှုတွေကို ဘာစီလိုနာရဲ့ ပွဲစဉ်တွေမှာ မြင်တွေ့ရနိုင်ပြီး ပြီးခဲ့တဲ့နှစ် ဥရောပချန်ပီယံရှစ်မှာတော့ ပက်ဒရီရဲ့ အကောင်းဆုံးခြေစွမ်းတွေကိုတွေ့ရှိနိုင်ပါတယ်။
ဂျုဒ်ဘယ်လင်ဂမ်ကလည်း အရွယ်နဲ့မလိုက်အောင် အကောင်းဆုံးခြေစွမ်းပြနေတဲ့ နောက်ထပ် ဆယ်ကျော်သက် ကွင်းလယ်ကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းမှာပါ ၁၇ ပွဲ ကစားထားပြီး လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ ဒေါ့မွန်လူငယ်ကြယ်ပွင့်လေးကို အင်္ဂလန်ရဲ့ အနာဂတ်ကွင်းလယ်ဗိုလ်ချုပ်တစ်ဦး ဖြစ်လာစေမယ့် လှေကားတစ်ခုလည်း ဖြစ်ပါတယ်။
ဂျာမနီမှာကတော့ ၁၉ နှစ်သားလေး ဂျာမဲလ်မူစီယာလာရှိနေပါတယ်။ အင်္ဂလန်သားကနေ ဂျာမနီနိုင်ငံသားအဖြစ် ပြောင်းလဲခဲ့သူဖြစ်ပြီး ဘယ်လင်ဂန်နဲ့အတူ အင်္ဂလန်လူငယ်အသင်းတွေမှာ ကစားခဲ့ဖူးဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့အတူ ခြေစွမ်းပြနေတဲ့ ဆယ်ကျော်သက် ကွင်းလယ်တိုက်စစ် ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ စတုဂတ်မြို့မှာ မွေးဖွားခဲ့ပေမယ့် နယူးမယ်လ်ဒန်မှာ ကျောင်းတက်ခဲ့ပြီး ဂျာမနီသားအဖြစ် ခံယူထားပြီဖြစ်လို့ ဂျာမနီအသင်းနဲ့ တောင်ပမယ့် ကြယ်ပွင့်တစ်ပွင့်ဖြစ်နေပါပြီ။
ဒါဝင်နူနက်ဇ်ကလည်း လက်ရှိလီဗာပူးအသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေသူဖြစ်ပြီး အသက်ကလည်း ၂၃ နှစ်သာ ရှိသေးလို့ အသက် ၃၅ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ အက်ဒီဆင်ကာဗာနီတို့ရဲ့ နေရာကို ဆက်ခံမယ့် ဥရုဂွေးရဲ့ အနာဂတ်တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရွှေဖိနပ်ဆုအတွက် ထင်ကြေးပေးမှုမှာတော့ ၂၃ နှစ်အရွယ် ဥရုဂွေးသားကို ထည့်သွင်းခဲ့ခြင်း မရှိပါဘူး။
အာဂျင်တီးနားနဲ့ပေါ်တူဂီမှာရော မရှိဘူးလား။ မက်ဆီနဲ့ ရော်နယ်ဒိုလက်သစ်တွေ လိုအပ်နေပေမယ့် GOAT နှစ်ယောက်ရဲ့ ခြေရာကို မနင်းနိုင်ရင်တောင်မှ နိုင်ငံအသင်းမှာ အားကိုးလို့ရတဲ့ လူငယ်ကစားသမားတွေတော့ ရှိနေပါတယ်။ အာဂျင်တီးနားမှာဆိုရင် နိုင်ငံအသင်းအတွက် ၂၁ ဂိုး သွင်းယူပေးထားတဲ့ လော်တာရိုမာတီနက်ဇ်ရှိနေပြီး ပေါ်တူဂီမှာတော့ ပြီးခဲ့တဲ့နှစ်က MVP ရခဲ့တဲ့ ရာဖေးလီယာအိုတို့ ရှိနေတာကြောင့် GOAT တွေရဲ့ လမ်းကြောင်းကို ဒီလူငယ်ကစားသမားနှစ်ယောက် လိုက်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။