ရှေ့သို့
Image

ကမ္ဘာ့ဖလား ကစားရဖို့ စိတ်ကူးတောင် မယဉ်ကြည့်ဖူးဘူးလို့ ဖွင့်ဟလာတဲ့ နစ်ပုပ်

3:04 PM, 16 November

အင်္ဂလန်လက်ရွေးစင် အသင်းရဲ့ ဂိုးသမားနစ်ပုပ်ကတော့ သူဟာကစားသမားကောင်း တစ်ယောက်မဖြစ်နိုင်ဘူးလို့ ထင်ထားတာကြောင့် ငယ်ငယ်လေးကတည်းက ကမ္ဘာ့ဖလားကစားရဖို့ဆိုတဲ့ စိတ်ကူးမျိုးတောင် မရှိခဲ့ပါဘူးဆိုပြီး ဝန်ခံခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ဘဝမှာ ထင်မထားခဲ့တဲ့ အရာတွေကို လုပ်နိုင်နေပြီဖြစ်တဲ့ နစ်ပုပ်ဟာ အင်္ဂလန်လက်ရွေးစင် အသင်းနဲ့အတူ နောက်ထပ် အဓိကကျတဲ့ ပြိုင်ပွဲကြီးတစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရဦးမှာပဲ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် နယူးကာဆယ်ဂိုးသမားဟာ လွန်ခဲ့တဲ့ ၄ နှစ်က ဂါရတ်ဆောက်ဂိတ်ရဲ့ တတိယဦးစားပေး ဂိုးသမားအဖြစ် ရုရှားကို လိုက်ပါခွင့်ရရှိခဲ့ဖူးပေမယ့် ပွဲထွက်တွေကိုတော့ ဂျော်ဒန်ပစ်ဖို့ဒ်တစ်ဦးတည်းသာ ရရှိခဲ့ပါတယ်။

ဒီရာသီနယူးကာဆယ်မှာ ပြသနေတဲ့ လက်စွမ်းတွေကြောင့် အသင်းကလည်း အမှတ်ပေးဇယားထိပ်ပိုင်းထိ ရောက်လာခဲ့ပြီး ပုပ်ရဲ့အရေးပါမှုကလည်း ပိုမိုကြီးမားလာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လူငယ်ကစားသမားဘဝမှာရော ဘောလုံးလောကထဲ စတင်ဝင်ရောက်ချိန်မှာရော ဒီလောက်ထိ လုပ်နိုင်လိမ့်မယ်လို့ နစ်ပုပ်တစ်ယောက် ထင်မထားခဲ့ပါဘူး။

ကလေးဘဝက ကမ္ဘာ့ဖလားကစားဖို့ စိတ်ကူးယဉ်ခဲ့ဖူးလားလို့ မေးမြန်းရာမှာတော့ နစ်ပုပ်က “အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော့်ကိုယ်ကျွန်တော် ကစားသမားကောင်းတစ်ယောက်လို့ကို မထင်ခဲ့တာပါ။ ကျွန်တော်အောင်မြင်ဖို့ အလှမ်းဝေးမှာပဲလို့ ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက ဘောလုံးကို အရူးအမူးအားပေးခဲ့တာပါ။ ဒီအဆင့်ထိ ရောက်ဖို့တကယ်ခက်ခဲ့ပါတယ်။ ကလေးဘဝကတော့ အနာဂတ်မှာဘာဖြစ်ရမယ်ဆိုပြီး တွေးမိတာမျိုးရှိပေမယ့် ကမ္ဘာ့ဖလား ကစားရဖို့ထိတော့ စိတ်ကူးမယဉ်ခဲ့မိတာ အမှန်ပါ”ဆိုပြီး ပြောခဲ့ပါတယ်။

နစ်ပုပ်ဟာ လက်ရှိအဆင့်ထိ  ရောက်လာနိုင်ဖို့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အဆင့်ဆင့်ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက် အရွယ်မှာ အစ်ပ်ဆွစ်ချ် အသင်းကနေ ထုတ်ပယ်ခံခဲ့ရစဉ်တုန်းက အချိန်တွေဟာ အခက်ခဲဆုံးဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

နစ်ပုတ်က ဆက်လက်ပြီး “တကယ်တော့ အသက် ၁၆ နှစ်သားလောက်က အစ်ပ်ဆွစ်အသင်းကနေ အထုတ်ခံရဖူးတယ်။ နှစ်ရက်လောက် ငိုလိုက်ရတယ်လေ။ ဒါပေမယ့် အဲ့ဒီကိစ္စက ကျွန်တော့်အတွက် ခွန်အားဖြစ်လာတယ်။ နောက် ၆ နှစ်စာလောက်အတွက် နေ့တိုင်း၊ အပတ်တိုင်း ကြိုးစားချင်လောက်တဲ့ အားတွေကို အဲ့ဒီကာလမှာ ရခဲ့ပါတယ်။ ကောလိပ်တက်ရင်း ကစားမယ်ဆိုရင် အပတ်တိုင်း ဒီလိုကွင်းကြီးတွေ (စိန့်ဂျိမ်းစ်ပတ်) မှာ ကစားဖို့မဖြစ်နိုင်ပါဘူး။ အဲ့ဒါကြောင့်အတိတ်ကို ပြန်ကြည့်လိုက်ရင် ကမ္ဘာ့ဖလားနဲ့ တော်တော်ကြီးကို အလှမ်းဝေးတဲ့ နေရာတစ်ခုမှာ ကျွန်တော်ရှိခဲ့ဖူးပါတယ်”လို့ ထပ်လောင်းပြောခဲ့ပါတယ်။

ချာလ်တန်အသင်းက နစ်ပုပ်ရဲ့ ကစားသမားဘဝကို ပြန်လည်ရှင်သန်ခွင့်ပေးခဲ့တဲ့ အသင်းဖြစ်ပေမယ့် ကိန်းဘရစ်ဂျ်၊ အယ်လ်ဒါရှော့တို့ကို အငှားထွက်ကစားခဲ့ရပြီး အဲ့ဒီအသင်းတွေရောက်မှသာ ပွဲမတိုင်ခင် အသင်းဖော်တွေနဲ့ ဘတ်စ်ကားအတူတူ စီးဖူးခဲ့တယ်လို့ ဆိုပါတယ်။ ယော့ခ်အသင်းနဲ့ ဘူရီ အသင်းတွေမှာလည်း ကစားခဲ့ရပြီး ဒီအသင်းတွေမှာ စတင်လက်စွမ်းပြသနိုင်ခဲ့တာကြောင့် ၂၀၁၆ ဇူလိုင်မှာ ဘန်လေက ခေါ်ယူသွားခဲ့ပါတယ်။ ဘန်လေအတွက် ၁၅၅ ပွဲထိ ကစားပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း လက်စွမ်းပြနိုင်ကြောင်း သက်သေပြခဲ့တာကြောင့် နိုင်ငံအဆင့်ထိပါ တက်လှမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

#အင်္ဂလန် #၂၀၂၂ကမ္ဘာ့ဖလား #နစ်ပုပ်