ဖာဒီနန်နဲ့နဲ့ ရွိုင်ကိန်းကို အကောင်းဆုံး ခေါင်းဆောင်တွေလို့ ချီးကျူးခဲ့တဲ့ ရော်နယ်ဒို
2:14 PM, 15 November
ပီးယာ့စ်မော်ဂန်ရဲ့ အင်တာဗျူးနဲ့ ပြဿနာအစုံတက်နေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကတော့ သူ့ရဲ့အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ ရွိုင်ကိန်းတို့ကို လူကောင်းတွေလို့ ချီးကျူးခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ အကောင်းဆုံး ခေါင်းဆောင်တွေဖြစ်ကြောင်း ထောက်ခံခဲ့ပါတယ်။
ပေါ်တူဂီစူပါစတားဟာ အဆိုပါအင်တာဗျူးကြောင့် ဝေဖန်မှုများစွာထွက်ပေါ်လာခဲ့ပြီး အထူးသဖြင့် သူ့ရဲ့မန်ချက်စတာယူနိုက်တက် ကစားသမားဘ၀ ဒုတိယအကြိမ်မှာ အသင်းရဲ့ သူ့အပေါ်ဆက်ဆံပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ဝေဖန်မှုတွေထဲမှာဆိုရင် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်းနီနဲ့ ဂယ်ရီနဗီးလ်တို့လည်း ပါဝင်ခဲ့ပေမယ့် နောက်ထပ်ယူနိုက်တက် ဂန္တဝင်နှစ်ယောက်ကိုတော့ အကောင်းဘက်ကနေ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သူ့ဘက်ကနေ ရပ်တည်အားပေးခဲ့ကြတဲ့ အသင်းခေါင်းဆောင်ဟောင်း ကိန်းနဲ့ဖာဒီနန်တို့အကြောင်း မေးမြန်းရာမှာတော့ ရော်နယ်ဒိုက “အဝတ်လဲခန်းထဲမှာ အတူတူရှိတဲ့အချိန်တိုင်း သူတို့က ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ် ရှိပါတယ်။ ကျွန်တော်ရဲ့ ဘောလုံးသမားဘ၀ တစ်လျှောက်မှာ သူတို့ကအရေးပါတဲ့နေရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ ကျွန်တော်အရင်ကလည်း အများကြီးပြောဖူးပါတယ်။ ရွိုင်ကိန်းက ကျွန်တော့်အမြင်အရတော့ အကောင်းဆုံးခေါင်းဆောင်တစ်ယောက်ပါ။ ရီယိုဖာဒီနန်ဆိုလည်း ကျွန်တော့်ကို အများကြီးကူညီခဲ့တဲ့သူပါ။ ပြီးတော့ အိမ်နီးချင်းလည်း ဖြစ်ပါတယ်၊ ကျွန်တော်ကလည်း သူ့ရဲ့အိမ်နီးချင်းပဲပေါ့။ အဲ့ဒါကြောင့် သူတို့တွေက လူကောင်းတွေပါပဲ။ ကျွန်တော့်အကြောင်းအကောင်းပြောလို့ ဒီလိုပြောတာမဟုတ်ပါဘူး၊ သူတို့က အဝတ်လဲခန်းထဲမှာပါ ဦးဆောင်နိုင်သူတွေဖြစ်လို့ပါ။ ဘောလုံးသမားတွေလည်းဖြစ်တဲ့အတွက် ကစားသမားတစ်ယောက်ရဲ့ အတွေးအမြင်တွေကို သူတို့ကောင်းကောင်းသိကြတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ဖာဒီနန်ကတော့ ရော်နယ်ဒိုရဲ့ အင်တာဗျူးအပေါ်မှာတော့ ဘဝမကျတဲ့ပုံပါပဲ။ တွဲဆက်တင်ဆက်သူ ဂျေမီကာရေဂါက ဒီအကြောင်းအရာကို မေးမြန်းတဲ့အခါမှာ ဖာဒီနန်က ရော်နယ်ဒိုရဲ့ အပြုအမူကို ကာကွယ်ပေးမယ့်သူက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိလိမ့်မယ်လို့ ပြောခဲ့ပြီး အခုလိုလုပ်တာဟာ ပေါ်တူဂီကြယ်ပွင့်က အသင်းကနေ ထွက်ခွာချင်လို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ဖာဒီနန်က “ခရစ္စတီယာနိုရော်နယ်ဒိုကို ထောက်ခံတယ်ဆိုရင်တော့ ခင်ဗျားဒီမှာထိုင်နေလို့မရဘူး။ ကျွန်တော်ဒီကိစ္စတွေကို ကောင်းကောင်းသိတယ်။ အဓိက ကတော့ သူအသင်းကနေ ထွက်ခွာချင်လို့ အကြောင်းရှာတဲ့သဘောပဲ။ ကျွန်တော့်အမြင်အရတော့ မန်ချက်စတာယူနိုက်တက်နဲ့ ခရစ္စတီယာနိုကြားမှာ ရေစက်ကုန်သွားခဲ့ပြီ။ အရင်အတိုင်း ပြန်ဖြစ်စရာအကြောင်း မရှိတော့ဘူး။ အသင်းကလည်း သူ့ကိုပြန်ခေါ်မှာ မဟုတ်သလို၊ သူကလည်း အသင်းကို ပြန်သွားတော့မှာ မဟုတ်ဘူး။ ဒါတွေအားလုံးက အသင်းကထွက်ချင်တဲ့ အကြောင်းအရင်း တစ်ခုတည်းကြောင့်ပဲ။ ဒီအင်တာဗျူး(သူ့ကိုချီးကျူးထားတဲ့)သာအရင်တက်လာရင် ကျွန်တော်သူ့ဘက်ကနေပြီး အသင်းကို ပိုကောင်းတဲ့ ဆက်ဆံမှုတွေနဲ့ ဆက်ဆံပေးဖို့ တောင်းဆိုမိမှာပါ ” ဆိုပြီး ပြောသွားခဲ့ပါတယ်။