ရှေ့သို့
Image

အိုဆီမန်နဲ့ ခဗာရက်စ်ကီးလီယာတို့ကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ဥရောပထိပ်သီးကလပ်များ

4:41 PM, 14 November

လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မတိုင်ခင် နာပိုလီကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ အိုဆီမန်နဲ့ ခဗာရက်စ်ကီးလီယာတို့ကို ခေါ်ယူဖို့ ဥရောပထိပ်တန်းကလပ်အသင်းတွေက ကြိုးပမ်းလာကြတယ်လို့ သတင်းတွေအရ သိရပါတယ်။

စပယ်လက်တီရဲ့အသင်းက အခုဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ စတင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အုပ်စုဗိုလ်အဖြစ် အောင်ပွဲခံခဲ့သလို အီတလီစီးရီးအေမှာလည်း အမှတ်ပေးဇယားအဆင့်(၂)နေရာရှိ လက်ရှိချန်ပီယံအေစီမီလန်ကို ရှစ်မှတ်အထိ ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်ထားပါတယ်။

အခုလိုခြေစွမ်းကောင်းတွေကြောင့် မာရာဒိုနာခေတ်နောက်ပိုင်း နှစ် ၃၀ အတွင်း ပထမဆုံး စကူဒက်တိုချန်ပီယံဆုကို နာပိုလီဆွတ်ခူးနိုင်ဖို့ ရေပန်းစားနေပါတယ်။ အီတလီနိုင်ငံ၊ နေပယ်လ်မြို့အခြေစိုက် ll Mattino သတင်းဌာနရဲ့အဆိုအရ အခုရာသီ နာပိုလီအတွက် အဓိကခြေစွမ်းပြကစားနေတဲ့ အိုဆီမန်နဲ့ ခဗာရက်စ်ကီးလီယာတို့ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားကြောင်း ပြောဆိုမှုတွေနဲ့ ကမ်းလှမ်းမှုတွေ ရှိလာနေပြီလို့ သိရပါတယ်။

ဒါပေမယ့် နာပိုလီဥက္ကဋ္ဌဒီလော်ရန်တီစ်က ဒီကစားသမားနှစ်ဦးကို အရောင်းစာရင်းတင်ဖို့  စိတ်ဆန္ဒမရှိသလို လာမယ့်ဇန်နဝါရီလမှာလည်း ကမ်းလှမ်းမှုတွေရှိလာနိုင်မယ့်အပေါ် နားထောင်ပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ နာပိုလီအသင်းတာဝန်ရှိသူတွေက လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကို ကြီးကြီးမားမားပြောင်းလဲမှုမျိုး လုပ်ဆောင်သွားဖို့ မရှိသလို သူတို့ရဲ့ကစားသမားတွေအပေါ် စိတ်ဝင်စားမှုတွေကို လက်သင့်ခံမှာ မဟုတ်ဘူးလို့ ဖော်ပြလာပါတယ်။

#နာပိုလီ #အပြောင်းအရွှေ့ #အိုဆီမင် #ခဗာရက်စ်ကီးလီယာ