ရှေ့သို့
Image

ဘာစီလိုနာမှာ မက်ဆီနဲ့ တွဲကစားချင်ကြောင်း ဖွင့်ဟပြောဆိုလိုက်တဲ့ လီဝန်ဒေါ့စကီး

4:00 PM, 14 November

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာ အဓိကတိုက်စစ်ကစားသမားအဖြစ် တာဝန်ယူပွဲထွက်ကစားနေတဲ့ လီဝန်ဒေါ့စကီးက နူးကမ့်အခြေစိုက်ကလပ်ရဲ့ ဂန္ဓဝင်ကစားသမားတစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့အတူ ဘာစီလိုနာအသင်းမှာ တွဲဖက်ကစားခွင့်ရချင်မိတဲ့အကြောင်းကို ထုတ်ဖော် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ၆ကြိမ်အထိ ဆွတ်ခူးရယူထားနိုင်ခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှုး မက်ဆီနဲ့ တွဲဖက်ကစားခွင့်ရချင်တဲ့ အကြောင်းကို လီဝန်ဒေါ့စကီးက“မက်ဆီက အထောင်တိုက်စစ်ကစားသမား ဆီကို အံ့အားသင့်စရာ ကောင်းလောက်တဲ့ ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်တဲ့ တကယ့် ထူးချွန်တဲ့ ပါရမီရှင်ကစားသမားတစ်ယောက်ပါ”

“မက်ဆီကစားတာကို ကြည့်ဖူးရုံနဲ့ သူက တိုက်စစ်ကစားသမားဆီကို ဘောလုံးဘယ်လို ပေးပို့ချိတ်ဆက်ကစားနိုင်လဲဆိုတာ သိကြမှာပါ။ သူက ပြိုင်ဘက်နောက်တန်းရဲ့ ခံစစ်တန်းကို ကျော်ပြီး ပြိုင်ဘက်ဂိုးဧရိယာအတွင်းမှာ ရောက်နေတဲ့ ကိုယ့်တိုက်စစ်ကစားသမားကို ဘောလုံးဘယ်လို ပေးပို့ရမလဲဆိုတာ ကောင်းကောင်းသိတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အဆိုပါပေးပို့မှုမျိုးကို ပြုလုပ်တဲ့ နေရာမှာတော့ ပြိုင်စံရှားကစားသမား တစ်ဦးဖြစ်ပါတယ်”

“အခုအခြေအနေတွေက ဘာတွေဖြစ်နေလဲဆိုတာမသိပေမဲ့ တိုက်စစ်ကစားသမားတစ်ဦးအနေဖြင့် မက်ဆီလို ဖန်တီးနိုင်မှု မြင့်မားတဲ့ ကစားသမား တစ်ဦးနဲ့ တွဲဖက်ကစားခွင့်ရဖို့ ဆိုတာက အိပ်မက်တစ်ခုပါပဲ” “ပြီးခဲ့တဲ့ ၁၀နှစ်/၁၅နှစ်အတွင်းလောက်ကို ပြန်ကြည့်မယ်ဆိုရင် မက်ဆီနဲ့ ရော်နယ်ဒို တို့ရဲ့ အံ့အားသင့်စရာ မှတ်တမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ကာလတွေဆိုတာ မြင်နိုင်ပါတယ်။ အခုအချိန်မှာတော့ ကစားသမား ဘဝမှ အနားယူရတော့ဖို့ နီးစပ်နေချိန်မှာ ဘယ်ကစားသမားက ကမ္ဘာ့ဖလားချန်ပီယံအဖြစ် အောင်ပွဲခံသွားနိုင်ဦးမလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပြန်ပါပြီ။ သူတို့နှစ်ယောက်ကတော့ တကယ့်ကို ဂန္ဓဝင်ကစားသမားကြီးတွေပါပဲ”လို့ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #လီဝန်ဒေါ့စကီး #မက်ဆီ