ရှေ့သို့
Image

၂၀၂၂ကမ္ဘာ့ဖလားမှာ မုန်တိုင်းသဖွယ် တိုက်ခတ်လာနိုင်တဲ့ လူငယ်ကြယ်ပွင့် ကစားသမား ၅ ဦး

3:15 PM, 14 November

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ ပရိသတ်ကြီးထံ အရှိန်အဟုန်နဲ့ ချဉ်းကပ်လာပြီဖြစ်တာကြောင့် အားလုံးလည်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြမယ်လို့ ထင်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ လူငယ်ကစားသမားတွေကို စင်တင်ပေးရာနေရတစ်ခုအဖြစ်လည်း နာမည်ကြီးပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ရော်နယ်ဒိုနိုဇာရီယို၊ ဝိန်းရွန်းနီ၊ မိုကယ်အိုဝင်၊ ကိုင်လီမက်ပီတို့လို ကစားသမားတွေဟာ တောက်ပခဲ့ကြသလို အောင်မြင်မှုများစွာလည်း ရရှိခဲ့ကြပါတယ်။ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကလည်း ဘာမှမကွာပါဘူး။

ဘရာဇီး၊ ပြင်သစ်၊ အာဂျင်တီးနား၊ အင်္ဂလန်တို့လို အသင်းကြီးတွေအပါအဝင် အသင်းတိုင်းမှာ ကြယ်ပွင့်လူငယ်ကစားသမားလေးတွေ အသီးသီးပိုင်ဆိုင်ထားကြပါတယ်။ အဲ့ဒီကစားသမားတွေထဲကမှ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အရှိန်အဟုန်နဲ့ မုန်တိုင်းသဖွယ် တိုက်ခတ်လာမယ့် လူငယ်ကြယ်ပွင့်၅ဦးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၅.မူဆီယာလာ
အသက် - ၁၉နှစ်
နိုင်ငံ - ဂျာမနီ
နေရာ - ကွင်းလယ်
ပထမဆုံး အနေနဲ့ ဘိုင်ယန်မြူးနစ် စူပါစတားလေး ဂျမယ်မူဆီယာလာကို ရွေးချယ်ပေးချင်ပါတယ်။ ဒီလူငယ်လေးဟာ ဘိုင်ယန်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေသလို ဂျာမနီမှာလည်း ၂၀၂၁ခုနှစ်နောက်ပိုင်း ၁၇ပွဲအထိ ကစားခွင့်ရထားပါတယ်။

စကေးနဲ့ ကစားတတ်တဲ့ လူငယ်ကွင်းလယ်လူလေးအနေနဲ့ ချက်ချင်းဆိုသလို ပွဲအဖြေကို ပြောင်းလဲပေးနိုင်ပြီး အသက်၁၉နှစ် အရွယ်မှာတင် အရည်အသွေးပေါင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။ ဂျာမနီအတွက် ကစားပေးတာကို အနီးကပ်စောင့်ကြည့်ရမှာဖြစ်ပြီး အသင်းအတွက် တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ရှိနေပါတယ်။

၄.ကိုဒီဂတ်ပို
အသက် - ၂၃နှစ်
နိုင်ငံ - နယ်သာလန်
နေရာ - တိုက်စစ်
သူ့ရဲ့ နယ်သာလန်လိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မှုကြောင့် ပြီးခဲ့တဲ့နွေရာသီအတွင်း ပရီးမီးယားလိဂ် အသင်းတွေရဲ့ အကြီးအကျယ်ချိတ်ဆက်ခြင်းခံခဲ့ရတဲ့ ကစားသမား၁ဦး ဖြစ်ပါတယ်။ တောင်ပံကနေ ဆွဲဝင်ကာ ကန်တတ်ပြီး အရပ်လည်းရှည်တဲ့ ဂတ်ပိုတစ်ယောက် နယ်သာလန်တိုက်စစ်မှာ နေရာရတယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း စွမ်းဆောင်ရည်က ကစားသမားဘဝကိုပါ ပြောင်းလဲသွားစေနိုင်လို့ လူငယ်လေးအတွက် ဘယ်လိုအနာဂတ်တွေ ပိုင်ဆိုင်သွားမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပါ။

၃.ဂျွန်နသန်ဒေးဗစ်
အသက် - ၂၂နှစ်
နိုင်ငံ - ကနေဒါ
နေရာ - တိုက်စစ်
ယူနိုက်တက်က အကြီးအကျယ်ချိတ်ဆက်နေတဲ့ နောက်ထပ် ကစားသမား၁ဦးဖြစ်ပြီး လီဂူးဝမ်းမှ စွမ်းဆောင်ရည်ကြောင့် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုလည်း ရရှိစေပါတယ်။ ကနေဒါသားဟာ အုပ်စုတွင်း ဘယ်လ်ဂျီယံ၊ ခရိုအေးရှား၊ မော်ရိုကိုတို့နဲ့ ပွဲကျပ်တွေ ရင်ဆိုင်ရမှာဖြစ်ပေမယ့် အသင်းကို ကယ်တင်နိုင်မယ့် ကစားသမားကို ပြောပါဆိုရင် ဒေးဗစ်ကိုပဲ ညွှန်းရမှာပါ။ ၂၂နှစ်သားအပေါ် တာဝန်တွေပိနေပေမယ့် အဲ့ဒီတာဝန်တွေထက် ပိုလုပ်နိုင်တယ်ဆိုတာကို လိုင်လီမှာ ပြသထားခဲ့ပါတယ်။

၂.ချုအာမန်နီ
အသက် - ၂၂နှစ်
နိုင်ငံ - ပြင်သစ်
နေရာ - ကွင်းလယ်
ရီးရဲလ်မက်ဒရစ်ကို များပြားလှတဲ့ ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ပြောင်းခဲ့ပြီးနောက် နာမည်ကျော်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ယခုနှစ်ကမ္ဘာ့ဖလားမှာ ပြင်သစ်ကွင်းလယ်ကို အဓိက ဦးဆာင်ရမယ့်သူတစ်ဦး ဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်က ပုံမှန်ပွဲထွက်နေကျ ကန်တီနဲ့ ပေါ့ဂ်ဘာတို့ ဒဏ်ရာရနေတဲ့ အခြေအနေမှာ လူငယ်လေးအနေနဲ့ နိုင်ငံတကာစင်မြင့်ထက်မှာ တောက်ပဖို့အချိန်ရောက်လာပြီလို့ ဆိုရမှာပါ။

၁.မိုဟာမက်ကူဒက်စ်
အသက် - ၂၂နှစ်
နိုင်ငံ - ဂါနာ
နေရာ - တိုက်စစ်မှူး
နောက်ဆုံးအနေနဲ့ တင်ပြချင်သူတစ်ဦးကတော့ အေဂျက်စ်နဲ့ ဂါနာတိုက်စစ်မှူး မိုဟာမက်ကူဒက်စ်ပဲ ဖြစ်ပါတယ်။ ဂါနာတို့ ပေါ်တူဂီ၊ ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့ အုပ်စုကျပ်ထဲ ကျနေပေမယ့် ကူဒက်စ်ကတော့ အလားအလာကောင်းတွေနဲ့ ပြည့်နှက်နေသလို တိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကောင်းကြောင့် ကာတာမှာ တောက်ပနိုင်ဖို့ သေချာသလောက်ရှိနေပါတယ်။ မှော်ဝင်ထားတဲ့ဘယ်ခြေတစ်ချောင်းကိုပိုင်ဆိုင်ထားတဲ့ ကူဒက်စ်တစ်ယောက် ဒီလိုအရည်အသွေးတွေကို ဂါနာအတွက် အသုံးချသွားနိုင်မလား စောင့်ကြည့်သွားရမှာပါ။

#ချူအာမန်နီ #၂၀၂၂ကမ္ဘာ့ဖလား #ဂျွန်နသန်ဒေးဗစ် #ဂတ်ပို #ကူဒက်စ်