ရှေ့သို့
Image

ရိုးမား ကစားသမားအချို့ရဲ့ စွမ်းဆောင်ရည်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ မော်ရင်ဟို

11:35 AM, 14 November

တိုရီနိုနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ စီးရီးအေ အိမ်ကွင်းပွဲစဉ်အပြီး ရိုးမားနည်းပြမော်ရင်ဟိုက အသင်း ကစားသမားအချို့ရဲ့ စွမ်းဆောင်ရည်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး သူဟာ ကွင်းလယ်ဒိုင်ရဲ့ အနီကတ်ပြစ်ဒဏ်နဲ့လည်း ထိုက်တန်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီပွဲစဉ်မှာ တိုရီနိုက လင်နက်တီရဲ့သွင်းဂိုးနဲ့ ပွဲကိုဦးဆောင်ခဲ့ပြီး ရိုးမားအတွက် နာကျင်အချိန်ပို ၉၂ မိနစ်ပယ်နယ်တီကို လူစားဝင်ကစားသမား ဘယ်လော့တီ လွဲချော်ခဲ့သလို ဒိုင်လူကြီးတွေအပေါ် ပြင်းပြင်းထန်ထန်စောဒကတက်ခဲ့တဲ့ မော်ရင်ဟိုကို ကွင်းလယ်ဒိုင်က အနီကတ်ပြသခဲ့ပါတယ်။

နောက်ထပ်နာကျင်အချိန်ပို ၉၄ မိနစ်မှာ မာတစ်က အိမ်ရှင်တို့အတွက် ချေပဂိုးသွင်းယူပေးခဲ့လို့ မော်ရင်ဟိုရဲ့ အသင်းဟာ သရေတစ်မှတ် ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြမော်ရင်ဟိုက ရိုးမား ကစားသမားအချို့ရဲ့ ခြေစွမ်းအပေါ် ဝေဖန်ခဲ့ပေမယ့် ပွဲချိန်မိနစ် ၇၀ မှာ လူစားဝင်လာတဲ့ ဒိုင်ဘားလားရဲ့စွမ်းဆောင်ရည်ကိုတော့ ချီးကျူးပြောဆိုခဲ့ပါတယ်။

“ဒီညမှာ ပွဲချိန်မိနစ် ၇၀ မတိုင်ခင် ပွဲစဉ်တစ်ပွဲနဲ့ မိနစ် ၇၀ နောက်ပိုင်း ပွဲစဉ်တစ်ပွဲဆိုပြီး ပွဲစဉ်နှစ်ပွဲ ရှိခဲ့ပါတယ်။ ပွဲချိန်မိနစ် ၇၀ မတိုင်ခင်အထိ ရိုးမားပရိသတ်တွေက အိမ်ကိုထပြန်ချင်နေကြမှာ သေချာပါတယ်။ ဒါပေမယ့် ပွဲချိန်နှောင်းပိုင်းမိနစ် ၂၀ မှာ ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ ပိုဖန်တီးလာနိုင်ပြီး ဒါက ပြီးခဲ့တဲ့ လေးငါးပွဲထက်ကို ပိုများကောင်းများနိုင်ပါတယ်။ ဘာကြောင့်လဲ? အဖြေက လွယ်လွယ်လေးပဲ၊ ဒိုင်ဘားလားကြောင့်ပါ။ ခင်ဗျားဆီမှာ ဒိုင်ဘားလားလို ကစားသမားမျိုးရှိပြီး သူပါဝင်မကစားပေးနိုင်ဘူးဆိုရင် ကွဲပြားခြားနားမှုတွေ ဖြစ်စေပါတယ်”

“ဒိုင်ဘားလားသာ ဒဏ်ရာမရခဲ့ဘူးဆိုရင် ကျွန်တော်တို့အသင်း အခုအချိန်မှာ ရမှတ်တွေ ဘယ်လောက်များများစုဆောင်းထားနိုင်မလဲ? အသင်းတိုင်းမှာ ထူးချွန်တဲ့ကစားသမားတွေရှိသလို ကျွန်တော်တို့မှာလည်း ရှိပါတယ်။ မကွယ်မဝှက်တမ်းပြောရရင် အခုအချိန်မှာ စွမ်းဆောင်ရည်ပိုင်း အရမ်းနိမ့်ကျနေတဲ့ ကစားသမားတွေ ရှိပါတယ်။ ကမ္ဘာ့ဖလားအားလပ်ရက်က ရောက်လာခဲ့ပါပြီ။ ဒီကာလက တချို့ကစားသမားတွေ အတွက် မိမိကိုယ်ကိုဝေဖန်စမ်းစစ်ဖို့နဲ့ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့ အချိန်အခါကောင်းဖြစ်ပါတယ်။ ဒီလိုပြဿနာတွေ ရှိနေပေမယ့်လည်း ကျွန်တော်တို့က စုစည်းညီညွှတ်မှုရှိတဲ့ အသင်းဖြစ်ပါတယ်။ ပွဲချိန် ၉၂ မှာ ရရှိတဲ့ ပယ်နယ်တီကို လွဲချော်တဲ့အသင်းတိုင်းက ပြန်လာနိုင်ဖို့ ခက်ခဲကြတယ်ဆိုပေမယ့် ကျွန်တော်တို့ကတော့ ပြန်လာနိုင်ခဲ့ပါတယ်”လို့ မော်ရင်ဟိုက DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။

သူ့ရဲ့အနီကတ်ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးနည်းပြဟောင်းက “ကွင်းလယ်ဒိုင်ကို ကျွန်တော်ပြောခဲ့တဲ့စကားတွေက အနီကတ်ပြစ်ဒဏ်နဲ့ထိုက်သင့်နေလို့ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ ပွဲအပြီးမှာလည်း ကျွန်တော် ကွင်းလယ်ဒိုင်ဆီသွားပြီး တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ သူ့ရဲ့စွမ်းဆောင်ရည်အကြောင်းတော့ မပြောဘူး။ ကျွန်တော်မှာ တောင်းပန်ဖို့ လုံလောက်တဲ့နှိမ့်ချမှုရှိပေမယ့် ခင်ဗျားတို့အနေနဲ့ ကွင်းလယ်ဒိုင်အကြောင်း ရေးချင်သလို ရေးနိုင်ပါတယ်။ ကျွန်တော်တို့ ဘာတွေပြောခဲကြသလဲဆိုတာကို ဒီနေရာမှာ ဖွင့်ပြောမှာမဟုတ်ဘူး၊ ဒါက ပုဂ္ဂိုလ်ရေးကိစ္စပါ။ ကျွန်တော့်ရဲ့စကားလုံးတွေက အနီကတ်ပြစ်ဒဏ်နဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော်အကဲမဖြတ်ပါဘူး”လို့ ဆက်ပြောခဲ့ပါတယ်။

#စီးရီးအေ #ရိုးမား #တိုရီနို