ကမ္ဘာ့ဖလားမှာ ဖျော်ဖြေသွားမှာ မဟုတ်ဘူးလို့ အတိအလင်းပြောကြားလိုက်တဲ့ ဒူအာလီပါ
11:18 AM, 14 November
နိုဝင်ဘာ ၂၀၊ ၂၀၂၂ မှာ ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားအတွက် အင်္ဂလိပ်အဆိုတော် ဒူအာလီပါဟာ သူမအနေနဲ့ပါဝင် ဖျော်ဖြေသွားမှာမဟုတ်ကြောင်း လူမှုကွန်ယက်ကနေတဆင့် အတိအလင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လီပါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်မှာ ပါဝင်ဖျော်ဖြေသွားဖို့ ရှိနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပေမယ့် လီပါကတော့ သူဟာ ဖျော်ဖြေသွားမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။
သူမရဲ့ အင်စတာဂရမ်အကောင့်မှာ လီပါဟာ"ကာတာ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ ကျွန်မပါဝင်ဖျော်ဖြေသွားမယ်ဆိုတဲ့ ခန့်မှန်းချက်များစွာထွက်ပေါ်နေပါတယ်။ ကျွန်မ ဖျော်ဖြေသွားမှာ မဟုတ်သလို ဖျော်ဖြေသွားဖို့ အတွက်လည်း ဆွေးနွေးမှုတစ်စုံတစ်ရာ ပြုလုပ်သွားမှာ မဟုတ်ပါဘူး။ ကျွန်မ အင်္ဂလန်ကို အဝေးကနေ လှမ်းအားပေးနေမှာပါ" "ကာတာက ကမ္ဘာ့ဖလားကျင်းပခွင့်ရပြီးနောက် လူ့အခွင့်အရေးနဲ့ ပက်သက်လို့ ပြည့်ဝစွာ အခွင့်အရေး ရရှိလာမယ်ဆိုရင် ကာတာနိုင်ငံကို သွားရောက် လည်ပတ်ချင်ပါသေးတယ်"လို့ ရေးသားခဲ့ပါတယ်။
ကာတာနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပသူတွေဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အဆောက် အဦးတွေ တည်ဆောက်ရာမှာ အခြေခံပြောင်းရွေ့အလုပ်သမားများစွာ သေဆုံးခဲ့ရတာနဲ့ နိုင်ငံမှာ လိင်တူချစ်သူတွေဟာ တရားမဝင်တာတွေကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။ အင်္ဂလန်မန်နေဂျာ ဂါရက်ဆောက်ဂိတ်ကတော့ သူ့ရဲ့ လက်ရွေးစင် အသင်း ကစားသမားတွေဟာ ပြိုင်ပွဲအတွင်းမှာ လူ့အခွင့်အရေး နဲ့ ပတ်သက်လို့ ထုတ်ဖော်ပြသမှုတွေ ပြုလုပ်သွားမယ်လို့ ပြောထားပါတယ်။
"ကျွန်တော်တို့ အမြဲတမ်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောဆိုဖို့ လိုအပ်တယ်လို့ထင်မိပါတယ်။ ဒါက ကျွန်တော်တို့ အပေါ်လည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်" "လိင်တူ လိင်ကွဲ (LGBT) လူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့လဲ ကျွန်တော်တို့အနေနဲ့ အဲ့ဒီ လူမှူ အဖွဲ့အစည်းဘက်မှာ ရှိပါတယ်။ ကျွန်တော်တို့ အတွက် ကျွန်တော်တို့ရဲ့ ပရိသတ်အားလုံးဟာ အရေးကြီးပါတယ်" လို့ ဆောက်ဂိတ်က ပြောခဲ့ပါတယ်။
ထို့အတူ ဟာသ လူရွှင်တော် ဂျိုးလူကပ်ကလည်း ဒေးဗစ်ဘက်ခမ်းကို ကမ္ဘာ့ဖလားမှာ စပွန်ဆာပြုလုပ်ထားမှုကို ရပ်တန့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ လူကပ်ကတော့ ကမ္ဘာ့ဖလားအတွက် ဘက်ခမ်းရဲ့ ပေါင် ၁၀ သန်း စပွန်ဆာပေးမှုကို ရပ်တန့်လိုက်ပါက သူ့အနေနဲ့ သူ့ရဲ့ ပိုက်ဆံ ပေါင် ၁၀၀၀၀ ကို လူမှု အဖွဲ့အစည်းတွေထံ ထည့်ဝင်လှူဒါန်းသွားမယ်လို့ ဆိုပြီး တိုက်တွန်းလိုက်ပါတယ်။ ယခုလအစောပိုင်းမှာ ကမ္ဘာကျော် ကိုရီးယား အဆိုတော်အဖွဲ့ BTS ရဲ့ အဖွဲ့ဝင် ဂျောင်ကွတ်ဟာ ကာတာကမ္ဘာ့ဖလားမှာ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။