ရှေ့သို့
Image

ရီးရဲလ်က ပင်ပန်းနွမ်းနယ်နေပေမယ့် အခုရာသီစွမ်းဆောင်ရည်အပေါ် ကျေနပ်နေတဲ့ အန်ဆယ်လော့တီ

3:07 PM, 11 November

ဒီနေ့မနက်ပိုင်း၊ ကာဒီဇ်ကို အိမ်ကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ် အသက်ရှုချောင်ခဲ့ပါပြီ။ အင်္ဂါနေ့ဘာစီလိုနာရဲ့အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ ရမှတ်ပိုင်းကွာဟမှု ကြီးမားမသွားဖို့ ရီးရဲလ်မက်ဒရစ်က ကာဒီဇ်ကို အနိုင်ရရှိဖို့ လိုအပ်နေခဲ့တာပါ။

ဂျီရိုနာကို အိမ်ကွင်းမှာ သရေ၊ ဗယ်လီကာနိုကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့မှုကြောင့် နှစ်ပွဲဆက်လာလီဂါနိုင်ပွဲ ပျောက်ခဲ့ပြီးနောက် ကာဒီဇ်ကို အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲအားလပ်ရက်က အသင်းအတွက် ကောင်းမွန်စေသလားလို့ မေးမြန်းလာချိန် အန်ဆယ်လော့တီက အခုလိုပဲ ပြန်ဖြေခဲ့ပါတယ်။

“ အနားယူချိန်တော့ ကောင်းကောင်းရလာတာပေါ့။ တခြားလည်း ဘာမှရွေးချယ်စရာမရှိဘူးလေ။ ကျွန်တော်တို့အသင်းမှာ ကောင်းမွန်တဲ့ဘောလုံးရာသီစတင်မှုတစ်ခုရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နည်းနည်းပြန်ဆိုးသွားခဲ့တယ်။ သို့သော်လည်း ကျွန်တော်တို့အသင်းက အလုပ်ကို လုံလုံလောက်လောက် လုပ်ခဲ့သလို ရည်မှန်းထားတဲ့ ပန်းတိုင်တွေဆီရောက်ရှိခဲ့ပြီး ရမှတ် ၃၅ မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီထက် ပွဲတွေ ပိုပြီးကစားရဖို့ ရှိပါတယ်။ တိတိကျကျပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက် ဂိုး ၅၀ အထိ သွင်းယူပေးခဲ့တဲ့ လောလောလတ်လတ်ဘော်လွန်းဒီအောဆုရှင်ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲအားလပ်ရက်မတိုင်ခင် ကာလလေးတစ်ခုမှာ ကျွန်တော်တို့အသင်း အတော်လေး ပင်ပန်းနွမ်းလျနေပြီဆိုတာလည်း အမှန်တရားပါပဲ”လို့ အီတလီလူမျိုးနည်းပြကြီးက ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗင်နီးစီးယက်စ်ရဲ့ အပြုအမူနဲ့ပတ်သက်လို့ မေးမြန်းလာချိန် အန်ဆယ်လော့တီက စပိန်ဒိုင်လူကြီးတွေရဲ့အရည်အသွေးအပေါ် မေးခွန်းထုတ်ဝေဖန်သွားပါတယ်။

“ ပြီးခဲ့တဲ့ရက်တွေတုန်းက စပိန်ဘောလုံးလောကအတွက် အရေးကြီးတဲ့အချက်တစ်ချက်ကို ကျွန်တော်ရှာတွေ့ခဲ့တယ်။ ဒီလိဂ်က ဥရောပထိပ်တန်းလိဂ်တွေထဲမှာ အနီကတ်ပြစ်ဒဏ်အများဆုံးပဲ။ ပရီးမီးယားလိဂ်မှာ အနီကတ် ၁၀ ကတ်ပဲ ရှိသေးချိန် ဒီမှာ ၅၅ ကတ်ရှိနေပြီ။ အနီကတ်မဖြစ်သင့်တဲ့ အနီကတ်တွေလည်း အများကြီးပဲ။ ဒါက စပိန်ဘောလုံးလောကအပေါ် အခြားသူတွေ လက်ညှိုးထိုးဝေဖန်ချင်စရာ အချက်တစ်ခုဖြစ်ပါတယ်”လို့ အန်ဆယ်လော့တီက ဆက်ပြောခဲ့ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #အန်ဆယ်လော့တီ