ရှေ့သို့
Image

ကမ္ဘာ့ဖလားပရိသတ်တွေ အတွက် တစ်ညပေါင် ၂၀၀ ကျသင့်မယ့် သင်္ဘောကွန်တိန်နာ တည်းခိုခန်းများ

9:46 AM, 11 November

ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပရိသတ်တွေကို စောင့်ကြိုနေတဲ့ တစ်ညတည်းခိုစရိတ် ပေါင် ၂၀၀ (မြန်မာကျပ်ငွေ ခြောက်သိန်းကျော်) ကျသင့်မယ့် သင်္ဘောကွန်တိန်နာပုံစံတည်းခိုခန်းငယ်လေးတွေကို တချက်လောက် လေ့လာကြည့်ရှုနိုင်ပါပြီ။

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကျင်းပဖို့ ရက်ပိုင်းသာလိုတော့တာကြောင့် ပြိုင်ပွဲကျင်းပရာ ပင်လယ်ကွေ့နိုင်ငံငယ်လေးဆီ ကမ္ဘာ့တလွှားမှ ပရိသတ်တွေ ရောက်ရှိလာဖွယ်ရှိနေပါတယ်။ အခုလိုရောက်ရှိလာမယ့် ပရိသတ်တွေအတွက် နေထိုင်မှုအဆင်ပြေစေရေးအလို့ငှာ အခြေခံအဆောက်အအုံတွေကို အိမ်ရှင်ကာတာနိုင်ငံက ကသိုက်ကရိုက် တည်ဆောက်ပေးလျက်ရှိပါတယ်။

အယ်လ်မာဒီအမည်ရှိ ပရိသတ်ကျေးရွာမှ ထွက်ပေါ်လာတဲ့ ဓါတ်ပုံမှတ်တမ်းသစ်တွေအရ ကမ္ဘာ့ဖလားပရိသတ်တွေအတွက် ကန္တာရအတွင်း တည်ဆောက်ထားတဲ့ သင်္ဘောကွန်တိန်နာပုံစံ အခန်းငယ်လေးတွေက ကြိုဆိုနေမှာ ဖြစ်ပါတယ်။ ဒီသင်္ဘောကွန်တိန်နာပုံစံအခန်းငယ်လေးတွေထဲမှာ တစ်ယောက်အိပ်ကုတင် နှစ်လုံး သို့မဟုတ် နှစ်ယောက်အိပ်ကုတင်တစ်လုံးနဲ့အတူ သန့်စင်ခန်း၊ အသေးစားရေခဲသေတ္တာ၊ လက်ဖက်ရည်ကော်ဖီဖျော်စက်တို့ ပါဝင်နေတာကို တွေ့မြင်ရမှာပါ။

လတ်တလောသီတင်းပတ်တွေမှာ ဝန်ထမ်းတွေက ပရိသတ်ခြောက်သောင်းကျော်အထိ တည်းခိုနေထိုင်နိုင်ဖို့ ဒီလိုအခန်းငယ်လေးတွေကို ခက်ခက်ခဲခဲပြင်ဆင်ပေးနေရပါတယ်။ ကာတာနိုင်ငံရဲ့မြေပြင်ကွင်းကျယ်ကြီးထဲမှာ အခုလိုတည်းခိုခန်းငယ်လေးတွေကို တစ်ခုနဲ့တစ်ခု ဘေးချင်းကပ်တည်ဆောက်ထားတာကို တွေ့မြင်ရပြီး ကမ္ဘာ့ဖလားပွဲစဉ်တွေကို ကြည့်ရှုဖို့ ကွင်းပြင်ကျယ်ကြီးထဲ စတိတ်စင်ကြီးပေါ်မှာ ပရိုဂျက်တာကြီးတစ်ခုကို ဖန်တီးပေးထားပါတယ်။

ဒီလို ထူးထူးခြားခြားနေရာထိုင်ခင်းတွေအပြင် ဒီတစ်ကြိမ်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက နောက်ထပ်တမူထူးခြားတဲ့အရာကိုလည်း တွေ့မြင်ရဖို့ ရှိနေပါတယ်။ ကာတာနိုင်ငံရဲ့ အရက်ဘီယာဝိုင်သောက်သုံးမှုအပေါ် တင်းကျပ်တဲ့ဥပဒေကြောင့် ဒီတစ်ကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မူးယစ်သောက်စားပြီး အင်္ကျီမပါသွားလာနေတဲ့ ပရိသတ်တွေကို တွေ့မြင်ရဖို့ အတော်လေးနည်းပါးနေပါလိမ့်မယ်။

ကာတာနိုင်ငံရဲ့စည်းမျဉ်းတွေအရ အရက်ဘီယာဝိုင်တို့ကို လိုင်စင်ရ ဟိုတယ်နဲ့ ဘားတွေမှာသာ ရောင်းချသောက်သုံးခွင့်ရှိသလို အထူးသီးသန့်ကာလအဖြစ် Fan Zone တွေမှာပဲ အရက်၊ဘီယာနဲ့ ဝိုင်ကို သောက်သုံးခွင့်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုပရိသတ်ကျေးရွာရှိ သင်္ဘောကွန်တိန်နာပုံစံ အခန်းငယ်လေးတွေထဲမှာ အရက်ဘီယာဝိုင် သောက်သုံးခွင့်ကို ဒေသဆိုင်ရာအာဏာပိုင်တွေက ခွင့်ပြုပေးမလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ကာတာနိုင်ငံအတွင်း တရားဝင်အရက်သေစာသောက်သုံးခွင့်ရှိသူမှာ အသက် ၂၁ နှစ်နှင့်အထက် ဖြစ်တာကြောင့် လုံခြုံရေးတာဝန်ယူထားသူတွေက အရက်သောက်သုံးလိုသူတွေအပေါ် မှတ်ပုံတင် (သို့မဟုတ်) ပတ်စ်ပို့တောင်းခံစစ်ဆေးတာမျိုး ရှိလာမှာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်လို့ ကာတာနိုင်ငံက စည်းမျဉ်းစည်းကမ်းကို တင်းတင်းကျပ်ကျပ်ပြဋ္ဌာန်းထားပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူမည်သူမဆို နှစ်ရှည်ထောင်ဒဏ်(သို့မဟုတ်) ပြည်နှင်ဒဏ်ခံစားရမှာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံအတွင်း လိင်စိတ်ကွဲပြားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကြောင့် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးအပ်ချိန်ကတည်းက အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် ဘောလုံးကွင်းတည်ဆောက်ရေး လုပ်ငန်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အသက်သေဆုံးမှုတွေအပြင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေအပေါ် နိုင်ငံတကာအဖွဲအစည်းတွေရဲ့ ဒေါသတကြီးပြစ်တင် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာပဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းဆပ်ဘလတ္တာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ကာတာနိုင်ငံကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ပေးခဲ့မှုမှာ အမှားတစ်ခု ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

#အယ်ဒီတာအကြိုက် #၂၀၂၂ကမ္ဘာ့ဖလား