ရှေ့သို့
Image

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မယ့် နာမည်ကျော် ကစားသမား ၁၀ ဦး

10:40 AM, 10 November

မာနေး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပြီဆိုတာနဲ့အတူပဲ ယခုနှစ်ပြိုင်ပွဲကို ဒဏ်ရာအသီးသီးကြောင့် လွဲချော်မယ့် အခြားနာမည်ကျော် ကစားသမားတွေလည်း ရှိနေပါတယ်။

မာနေးဟာ ဆီနီဂေါအသင်းရဲ့ အထိက ထောက်တိုင်တစ်ခုဖြစ်ပြီး ယခုနှစ်ကမ္ဘာ့ဖလားဝင်ခွင့်ရခဲ့ရာမှာ အလွန်အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားစတင်ဖို့ ၁၀ရက်သာ ကျန်တော့တဲ့ အခြေအနေမှာ အသင်းတွေက အပြီးသတ် လူစာရင်းတွေ ထုတ်ပြန်နေပြီဖြစ်ပြီး ဒီလိုပြိုင်ပွဲကြီးကို လွဲချော်မယ့် နာမည်ကျော် ကစားသမား၁၀ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

ရီစီဂျိမ်းစ် (အင်္ဂလန်)
-----------------------
ရီစီဂျိမ်းစ်ရဲ့ လွဲချော်မှုကတော့ အင်္ဂလန်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်။ ဂျိမ်းစ်ဟာ အောက်တိုဘာလက ချဲလ်ဆီးအတွက် ကစားပေးရင်း ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် အချိန်မီ ပြန်မသက်သာလာခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ယခုနှစ်ရာသီ ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားဖြစ်သလို အင်္ဂလန်ရဲ့ အလားအလာအရှိဆုံး နောက်ခံလူ၁ဦးလည်း ဖြစ်ပါတယ်။

ပေါ့ဂ်ဘာ (ပြင်သစ်)
---------------------
ပေါလ်ပေါ့ဂ်ဘာဟာ ရာသီကြိုအစီအစဉ်မှာ ဒူးဒဏ်ရာရခဲ့ပြီးနောက် ဂျူဗင်တပ်စ်အတွက် တစ်ပွဲမှ မကစားရသေးပေမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် နိုဝင်ဘာ ၁ ရက်နေ့ကတော့ ကွင်းလယ်လူဟာ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း ကစားသမားကိုယ်တိုင်က အတည်ပြုသွားခဲ့ပါတယ်။

ဒီယေဂိုဂျိုတာ (ပေါ်တူဂီ)
-----------------------
လီဗာပူးစတားဟောင်း မာနေးနဲ့အတူပဲ ဂျိုတာဟာလည်း ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။ ဂျိုတာဟာ ပြီးခဲ့တဲ့လ မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ယခုနှစ်ကုန်ထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

ကန်တီ(ပြင်သစ်)
----------------
ပေါ့ဂ်ဘာလိုပဲ ကန်တီဟာလည်း ပြင်သစ်ကွင်းလယ်ရဲ့ အသက်ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းဖော်လိုပဲ ချဲလ်ဆီးစတားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။ ကန်တီဟာ ယခုနှစ်ရာသီ ဒဏ်ရာအကြိမ်ကြိမ် ရခဲ့သလို အောက်တိုဘာလက တံကောက်ကြောဒဏ်ရာ ရခဲ့ပြီးနောက် ၄လကြာ အနားယူရတော့မှာဖြစ်လို့ ကမ္ဘာ့ဖလားမျှော်လင့်ချက်လည်း အဆုံးသတ်သွားခဲ့ပါတယ်။

ကော်တင်ဟို (ဘရာဇီး)
----------------------
ဖီလစ်ပီကော်တင်ဟိုဟာ ဒဏ်ရာကနေ ပြန်မသက်သာလာတဲ့နောက် ဘရာဇီးလူစာရင်းမှာ ပါဝင်လာခဲ့ခြင် းမရှိပါဘူး။ အက်စတွန်ဗီလာနဲ့အတူ ယခုနှစ်ရာသီ ခြေစွမ်းကောင်းတွေ ကျဆင်းနေပေမယ့် နိုင်ငံအသင်းမှာဆိုရင် ခြေစွမ်းပြတတ်တဲ့ ကော်တင်ဟိုဟာ ယခုနှစ်ရာသီ ဘရာဇီးအတွက် ၅ပွဲကစား ၃ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဝစ်ချ်နယ်ဒန် (နယ်သာလန်)
--------------------------
လီဗာပူးကွင်းလယ်လူဟောင်း ဝစ်ချ်နယ်ဒန်ဟာလည်း ရိုးမား အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ခြေကျိုးခဲ့ပြီးနောက် သြဂုတ်လကတည်းက ကမ္ဘာ့ဖလားပြိုင်ဆိုင်ခွင့် အဆုံးသတ်သွားခဲ့ပါတယ်။ နယ်သာလန်သားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ခဲ့ပြီးနောက် ရိုးမားအတွက် အမြန်ဆုံးကစားနိုင်ဖို့သာ အာရုံစိုက်နေခဲ့ပါတယ်။

ဂျီးဆပ်စ်ကိုရိုနာ (မက္ကဆီကို)
-------------------------------
မက္ကဆီကိုအသင်းရဲ့ အဓိက ကစားသမား၁ဦးဖြစ်တဲ့ ကိုရိုနာဟာ သြဂုတ်လမှာ ခြေကျင်းဝတ်ကျိုးဒဏ်ရာ ရခဲ့ပြီးနောက် ကမ္ဘာ့ဖလားမှာပါဝင်နိုင်ခြင်း မရှိတော့တာပါ။ မက္ကဆီကိုနည်းပြ မာတီနိုဟာ ဆီဗီလာ အသင်းထံတောင် သွားပြီး ကစားသမားရဲ့ ကြံ့ခိုင်မှုအခြေအနေကို သွားမေးခဲ့ပေမယ့် ၂၉နှစ်သားက အချိန်မီပြန်မကောင်းလာခဲ့တာကြောင့် ပရိသတ်တွေအတွက် ဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။

ရော်ဘင်ဆင်(အမေရိကန်)

--------------------
အမေရိကန်အသင်းဟာ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အင်္ဂလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် ခံစစ်မှူး မိုင်းစ်ရော်ဘင်ဆင်ကတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ၂၅နှစ်သားဟာ မေလကတည်းက ခြေဖနောင့်ကြောစုတ်ပြဲဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ပါတယ်။ ပဲလေ့စ်နဲ့ အမေရိကန်နောက်ခံလူ ခရစ္စရစ်ချက်ဟာလည်း ဒဏ်ရာကြောင့် ပြိုင်ပွဲကို လွဲချော်ခဲ့ပါတယ်။

တီမိုဝါနာ(ဂျာမနီ)
----------------------
ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တီမိုဝါနာကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားကို လွဲချော်တော့မယ်လို့ လိုက်ပ်ဇစ်အသင်းက တရားဝင် ထုတ်ပြန်ထားခဲ့ပါတယ်။

ပက်ဒရိုနက်တို(ပေါ်တူဂီ)
---------------------------
နောက်ထပ် ပရီးမီးယားလိဂ် ကစားသမား၁ဦးကလည်း ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ပါတယ်။ ဝုဗ် တောင်ပံကစားသမားဟာ အောက်တိုဘာအစောပိုင်းက ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပြီး ယခုနှစ် ကမ္ဘာ့ဖလားကို လွဲချော်ခဲ့ကာ ပေါ်တူဂီအသင်းအတွက်တော့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။

#အယ်ဒီတာအကြိုက် #ဂျိုတာ #ပေါ့ဂ်ဘာ #ရီစီဂျိမ်းစ် #ကန်တီ #၂၀၂၂ကမ္ဘာ့ဖလား