ရှေ့သို့
Image

ချဲလ်ဆီးအသင်းရလဒ်ပိုင်းမကောင်းမွန်တဲ့အခါ စတာလင်ကို ဦးတည်ဝေဖန်နေတာဟာ မျှတမှု မရှိတဲ့အကြောင်း ပြောလာတဲ့ ပေါ့တာ

11:31 AM, 9 November

ချဲလ်ဆီးအသင်းရဲ့ နည်းပြ ဂရေဟမ်ပေါ့တာက ပရီးမီးယားလိဂ်အစောပိုင်းပွဲစဉ်တွေမှာ တောက်လျှောက် ခြေစွမ်းပြကစားခဲ့ပေမဲ့ အနည်းငယ်ခြေစွမ်းပိုင်း လျော့ရဲလာသလို သွင်းဂိုးတွေပါ သွင်းယူနိုင်ခြင်းမရှိဖြစ်နေတဲ့ တိုက်စစ်ကစားသမား စတာလင်အပေါ် ဝေဖန်မှု ပြုလုပ်နေကြတာနဲ့ ပက်သက်လို့ ချဲလ်ဆီးအသင်း ရလဒ်ဆိုးရွားတာနဲ့ တစ်ဦးတစ်ယောက်တည်းကိုပဲ ဝေဖန်မှု ပြုလုပ်နေတာက မမျှတတဲ့ အကြောင်း ကာကွယ် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ပေါ့တာရဲ့ ကိုင်တွယ်မှုနဲ့အတူ ချဲလ်ဆီးအသင်းက ၉ပွဲဆက် ရှုံးပွဲမရှိအောင် ခြေစွမ်းပြ ကစားနိုင်ခဲ့ကြပေမဲ့ ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အိမ်ရှင်အသင်းကို ၄ဂိုး - ၁ဂိုး ဖြင့် ဆိုးရွားစွာ အရေးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေ စတင် ပေါ်ထွက်လာခဲ့သလို ကြားရက်မှာ ကစားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒိုင်နမိုဇာဂရက်အသင်းကို အနိုင်ကစားနိုင်ခဲ့ပေမဲ့ ဇယားထိပ်နေရာမှ အာဆင်နယ်အသင်းနဲ့ ထိပ်တိုက်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ၀ - ၁ဂိုးနဲ့ အရေးနိမ့်ခဲ့အပြီးမှာ အဆိုပါပွဲစဉ်အတွင်း ကစားပုံအားနည်းချက်ရှိခဲ့တဲ့ တိုက်စစ်ကစားသမား ရာဟီးမ်စတာလင်ကတော့ ပရိတ်သတ်တွေအပါအဝင် ဘောလုံးသုံးသပ်သူအချို့ရဲ့ ဝေဖန်သူတွေရဲ ဦးတည် ဝေဖန်မှုနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

စတာလင်အပေါ် ဝေဖန်ထိုးနှက်နေကြတာနဲ့ ပက်သက်လို့ နည်းပြ ပေါ့တာက “ခင်ဗျားတို့အနေဖြင့် သူရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရိုးသားစွာနေထိုင်တတ်တဲ့ အကျင့်တွေကိုလည်း ထုတ်ပြောလို့ရနိုင်တာပါပဲ”

“ရလဒ်မကောင်းတဲ့အပေါ် ကစားသမား တစ်ဦးတစ်ယောက်တည်းကိုပဲ ထောက်ပြဝေဖန်နေတာမျိုးက မမှန်ကန်ဘူးလို့ထင်ပါတယ်။ ပွဲစဉ်အတွင်းမှာ ဝင်ရောက်ကစားနေတဲ့ ကစားသမား အားလုံးက အသင်းဖွဲ့စိတ်ဓာတ်နဲ့ ကြိုးစားကစားသွားကြဖို့ လိုပါတယ်။ ဒီအပိုင်းကို တိုးတက်မှု ရှိလာဖို့ ပြင်ဆင်ရမှာပါ”

“ကျွန်တော့အနေနဲ့တော့ စတာလင်ရဲ့ အရည်အသွေးပိုင်းနဲ့ ပက်သက်လို့ သံသယ ဖြစ်စရာ အကြောင်းမရှိပါဘူး။ သူက ထိပ်တန်းကစားသမား တစ်ဦးဖြစ်တယ်ဆိုတာကို သက်သေပြသပြီး ဖြစ်တဲ့ ကစားသမား တစ်ယောက်ပါ” လို့ ကာကွယ် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #စတာလင် #ပေါ့တာ #ပရီးမီးယားလိဂ်